နေပြည်တော် မေ ၁၂
မန္တလေးငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းသူများအား ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ (၁)၊ နေပြည်တော်မသန်စွမ်းသူများ အသင်းဥက္ကဋ္ဌနှင့် မသန်စွမ်းသူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မသန်စွမ်းသူ ၁၁၆၇ ဦး ငလျင်ဘေး ခံစားခဲ့ရသည်ကို သိရှိရကြောင်း၊ သဘာဝဘေးကြုံတွေ့ချိန်တွင် မသန်စွမ်းသူများသည် ပိုမို ထိခိုက်လွယ်သည့် အခြေအနေရှိသူများ ဖြစ်သောကြောင့် ၎င်းတို့၏ လတ်တလော သက်သာ ချောင်ချိရေး တစ်စိတ်တစ်ပိုင်း အထောက်အပံ့ ဖြစ်စေရန်အတွက် ငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်း သူများကို အထူးအခြေအနေ တစ်ရပ်အဖြစ် ထောက်ပံ့ရခြင်း ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေ ဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး မသန်စွမ်းမှုအမျိုးအစားအလိုက် ဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဘေးအန္တရာယ်ဖြစ်ပွားစဉ်နှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ရင်ဆိုင်ကြုံတွေ့ရမည့် ကိစ္စရပ်များတွင် ကြိုတင်ပြင်ဆင်နိုင်ရန်၊ ထိရောက်စွာ တုံ့ပြန်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးတို့ အတွက် “မသန်စွမ်းသူများ အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှု နှင့် ကယ်ဆယ်ရေးစံလုပ်ငန်းစဉ်” ကို ပြုစုရေးဆွဲလျက်ရှိကြောင်းနှင့် သဘာဝဘေးကြုံတွေ့လာပါက ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရန် မသန်စွမ်းသူများ ပူးပေါင်းပါဝင်နိုင်မည့်အခြေအနေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် အလေးထား ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အဘက်ဘက်မှ ပူးပေါင်း ပါဝင်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ငလျင်ဘေး ခံစားခဲ့ရသည့် မသန်စွမ်းကိုယ်စားလှယ်များကို ထောက်ပံ့ကြေးများပေးအပ်ပြီး ငလျင်ဒဏ် ခံစားခဲ့ရသည့် ကျန်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မသန်စွမ်းသူများအတွက်လည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်