နေပြည်တော် ဧပြီ ၂၇
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ဆင်သေရေလွှဲဆည်မှ ရေသောက်စနစ်အတွင်း စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူလယ်သမားများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး မှာကြားသည်။
ထို့နောက် တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်အုပ်စု ကွင်းအမှတ် ၂၀၃၇ ရှိ စပါးစိုက်ပျိုး ထားရှိသည့် လယ်မြေများအတွင်း၌ မန္တလေးငလျင်ကြီးကြောင့် မြေအောက်ရှိသဲများ မြေမျက်နှာပြင်ပေါ်သို့ တက်ရောက်လာမှုကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ် နေပန်လပန် စနစ်ကျလယ်မြေ၏ ကုန်ထုတ်လမ်းများ၊ လယ်ကွက်များ သဲထွက်ခြင်းနှင့် ဖြစ်နိုင်သည့်အက်ကွဲမှုကို ပြန်လည်ကုစားရန် ပြင်ဆင်ထားရှိမှုများကို လည်းကောင်း၊ လယ်ဝေးမြို့နယ် ညို့ပင်အုပ်စု ဂွေ့ကြီးကျေးရွာရှိ ကွင်းအမှတ် ၁၈၀၉ အတွင်း လယ်ကွက်များ မြေနိမ့်ကျခြင်းဖြစ်စဉ်အား ပြန်လည်ကုစားပြင်ဆင်နိုင်ရေးနှင့် ပျဉ်းမနားမြို့နယ် ပြူတွင်းကျေးရွာကွင်း လယ်မြေ များတွင်ဖြစ်ပေါ်ခဲ့သည့် မြေအက်ကြောင်းများအား တောင်သူများ၏ အင်အားနှင့် ပူးပေါင်းကာ ပြန်လည် မြေဖို့ပြုပြင် ဆောင်ရွက်ထားမှုကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာရှိ ကွင်းအမှတ် ၁၆၅၉ အတွင်း သဲများထွက်ရှိလာမှုနှင့် ကွင်းအမှတ် ၁၆၆၀ အတွင်းငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဆည်ရေသောက်စနစ်နှင့် လယ်ကြားမြောင်း ထိခိုက်ပျက်စီးမှုများ အားတောင်သူများနှင့် ပူးပေါင်း ဆောင်ရွက် ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ ငလျင်အပြီး လယ်မြေများအတွင်း၌ လက်ရှိ မြေဆီလွှာပါဝင် ဖွဲ့စည်းပုံ(Soil profile)နမူနာများ စစ်ဆေးရန်ဆောင်ရွက်မှု၊ လက်ရှိ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် စပါးမျိုးများအထွက် ယှဉ်ပြိုင်စမ်းသပ်ကွက်များကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစကျေးရွာမှ လယ်မြေများအတွင်း သဲများလမ်းကြောင်းအလိုက် ထွက်ပေါ်လာမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထိုသို့စစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တောင်သူအခြေပြု သဘာဝဘေးအန္တရာယ် ဆိုင်ရာနှင့် စိုက်ပျိုးရေးဆိုင်ရာအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုစောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရန်နှင့် တောင်သူများအနေဖြင့်ငလျင်ဒဏ်ကြောင့်ဖြစ် ပေါ်လာသည့် မြေပြင်သတင်းအချက် အလက်များပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)