ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေမည့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်း

 

ကိုရွှေမန်း(မန္တလေး)

 

ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်း

 

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ငါးလုပ်ငန်း ဦးစီးဌာန ငါးလုပ်ငန်းသိပ္ပံ (တွံတေး)ကျောင်းဖွင့်ပွဲနှင့် ရေသတ္တဝါ မွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်းဖွင့်ပွဲကို ၁၂- ၁၂- ၂၀၂၂ ရက်က ကျင်းပခဲ့ပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊   စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ယခု ဖွင့်လှစ်သည့်  ကျောင်းကြီးသည် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာအောင်လက်မှတ် (Diploma in Fisheries and Aqua-culture) အပ်နှင်းမည့် ပထမဆုံးသိပ္ပံကျောင်းဖြစ်ပြီး ပထမဆုံးစတင် ဖွင့်လှစ်သည့် ပထမနှစ် သင်တန်းလည်းဖြစ်သည်။ သုံးနှစ်သင်တန်း ပြီးဆုံးပြီး ဒီပလိုမာအောင်လက်မှတ်ရရှိသူ၊ သတ်မှတ်အရည်အချင်း ပြည့်မီသူများသည် ရန်ကုန်တက္ကသိုလ်၌ B.Sc (Fisheries and Aquaculture) သင်တန်းတက်ရောက်ရန် ဝင်ခွင့်ဖြေဆိုခွင့် ရရှိမည် ဖြစ်သည်။

 

တည်နေရာအကျယ်အဝန်း

 

ရန်ကုန်မြို့မှ ၂၆ ဒသမ ၉၅၆ ကီလိုမီတာ အကွာအဝေး တွံတေး-မအူပင်ကားလမ်း တွံတေးခရိုင် တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာနှင့် မြဂိုးကျေးရွာအကြားတွင် တည်ရှိပြီး ဧရိယာ ၉၂ ဒသမ ၈၄၆ ဧက ကျယ်ဝန်းသည်။ ကျောင်းအတွက်လိုအပ်သော အဆောက်အအုံများ၊ သင်ထောက်ကူပစ္စည်းများအတွက် နိုင်ငံတော်က ကျပ် ၁၉၉၇ ဒသမ ၉၅၅ သန်းဖြင့် တည်ဆောက်ခဲ့ပြီး နှစ်အလိုက် လိုအပ်သော အဆောက်အအုံများကို ဆက်လက်တိုးချဲ့ တည်ဆောက်မည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လေးလက်မ အဝီစိတွင်းနှင့် အင်တာနက်တပ်ဆင်ရန် ပံ့ပိုးကူညီပေးခဲ့သည်။ ငါးလုပ်ငန်း သိပ္ပံ(တွံတေး)ကျောင်းသစ် တည်ဆောက်ဖွင့်လှစ်ရခြင်းတွင် ရည်ရွယ် ချက် ငါးချက်ရှိသည်။

 

(က) မြန်မာနိုင်ငံ၌ ငါး/ ပုစွန် မွေးမြူထုတ်လုပ်မှု တိုးတက် မြင့်မားရေးအတွက် ကျွမ်းကျင်သော အလယ်အလတ်အဆင့် ငါး/ပုစွန် မွေးမြူရေးအတတ်ပညာရှင်များ မွေးထုတ်ပေးရန်။

( ခ ) ရေသတ္တဝါမွေးမြူရေး စိတ်ပါဝင်စားသော တက္ကသိုလ်ဝင် တန်းအောင်လူငယ်များအတွက် အဓိက ဘာသာရပ် တစ်ခုအဖြစ် စာတွေ့လက်တွေ့ လေ့လာပညာသင်ကြားနိုင်သည့်

 အခွင့်အလမ်းရရှိလာနိုင်စေရန်နှင့် ပညာရပ်နှင့်ကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်စေရန်။

( ဂ ) မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် တောင်သူများ၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း အခွင့်အလမ်းသစ်များရရှိ ဖော်ဆောင်နိုင်ရေး အစီအစဉ်များတွင် အထောက်အကူပြု ပါဝင်ဆောင်ရွက်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးမြှင့်ရရှိလာနိုင်စေရန်။

(ဃ) ရေနေပတ်ဝန်းကျင်၊ ရေပြင်ရှိ သက်ရှိအပင်နှင့် သတ္တဝါများ၏ ဇီဝဗေဒနှင့် ဂေဟစနစ်၊ ရေသယံဇာတအရင်းအမြစ်နှင့် ၎င်းတို့၏ ထုတ်လုပ်ခြင်း၊ ရေနေသက်ရှိများ၏ ဓာတုဓာတ် များပါဝင်မှုနှင့် ၎င်းတို့ကို အသုံးပြုခြင်းဆိုင်ရာအခြေခံ ပညာရပ်များ နားလည်သိရှိစေရန်။

( င ) ရေငန်ငါးလုပ်ငန်း အထောက်အကူဖြစ်စေရန် ရေငန် ပတ်ဝန်းကျင်၊ ရေငန်သက်ရှိများ၏ ဇီဝ၊ ဓာတုပါဝင်မှုများနှင့် ရေငန်သယံဇာတထိန်းသိမ်းရေးပညာရပ်ကို လေ့လာသိရှိ နိုင်ရန် ဖြစ်သည်။

 

ဤသို့ငါးလုပ်ငန်းသိပ္ပံ ကျောင်းသစ်ကြီးတစ်ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စွမ်းရည်ပြည့်ဝသော အလယ်အလတ်အဆင့် လူသား အရင်းအမြစ် မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးရန် ကြိုးပမ်းဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည်။ ဤတွင် မြန်မာနိုင်ငံ၏ ရေသယံဇာတ အရင်းအမြစ်တည်ရှိမှု အခြေအနေများ၊ ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို ကောက်နုတ်တင်ပြလိုပါသည်။

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ

 

မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်းအရှည် ကီလိုမီတာ ၂၈၃၂ ရှိပြီး၊ သီးသန့်စီးပွားရေးဇုန် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင်၂၀၀ အထိ ကျယ်ဝန်းသော နိုင်ငံဖြစ်ပါသည်။ ပင်လယ်ငါးဖမ်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မိုင် ၃၀ ပတ်လည် ပင်လယ်ပြင် ငါးဖမ်းကွက်ပေါင်း ၁၄၀ သတ်မှတ်ထားရှိပါသည်။ ကမ်းရိုးတန်း သယံဇာတများ ထုတ်ယူသုံးစွဲမှုလုပ်ငန်းများတွင် စီမံအုပ်ချုပ်မှုလုပ်ငန်း များ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီကို နိုင်ငံတော် ဒုတိယ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ၊ ပင်လယ်ကမ်းရိုးတန်း ဒေသရှိ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ် များဖြင့် ဖွဲ့စည်းထားပါသည်။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ ကိုအထောက်အကူပြုနိုင်ရန် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းကော်မတီကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း ဦးဆောင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များဖြင့် ဖွဲ့စည်းထားသည်။

 

သုတေသနနှင့် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ

 

ဗဟိုကော်မတီ၏ အတည်ပြုဆုံးဖြတ်ချက်များ၊ လမ်းညွှန်ချက် များအရ Dr Fridtjof Nasen သုတေသနရေယာဉ်ဖြင့် ပင်လယ်ပြင် ငါးသယံဇာတတည်ရှိမှုနှင့် အဏ္ဏဝါဂေဟစနစ် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငါးသယံဇာတထိမ်းသိန်းရေး ပင်လယ်ပြင်ရေ သယံဇာတ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းများအဖြစ် ပင်လယ် ငါးဖမ်းလုပ်ငန်းများတွင် (close season –close area ) များ သတ်မှတ် ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါများစေရန်အတွက် အမျိုးသားအဏ္ဏဝါ ထိန်းသိမ်းရေး ဧရိယာများ တည်ထောင်ခြင်း၊ ငါးသယံဇာ တကာကွယ် ထိန်းသိမ်းရေးဇုန်များ သတ်မှတ်ခြင်း၊ ရေလုပ်သားများနှင့် ပူးပေါင်း ၍ ငါးလုပ်ငန်းပူးတွဲစီမံခန့်ခွဲရေး ရေပြင်များသတ်မှတ်၍ ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက် လျက်ရှိသည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် နော်ဝေနိုင်ငံ၌ ကျင်းပပြုလုပ်သည့် Bilateral meeting for fish development and high level conference “Our Ocean conference-2019” တွင် တက်ရောက်ပြီး ကမ်းဝေးရေပြင်အတွင်း ငါးသယံဇာတထိန်းသိမ်းရေးဇုန်များ သတ်မှတ်ပြီး ငါးသယံဇာတ ပြန်လည်တိုးပွားလာစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကတိကဝတ်ပြု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

Dr Fridtjof Nasen သုတေသနရေယာဉ်ဖြင့် ပြည်တွင်းပညာရှင်များ နော်ဝေနိုင်ငံမှ ပညာရှင်များဖြင့် ပင်လယ်ပြင်ငါးသယံဇာတများကို တိုင်းတာခဲ့ရာ ၁၉၇၉- ၁၉၈၀ ပြည့်နှစ်တွင် ပျမ်းမျှရေပေါ်လွှာ ငါးထုထည် ပမာဏ ခန့်မှန်းတွက်ချက်မှုမှာ တန်ချိန်တစ်သန်း ဖြစ်ပြီး ၂၀၁၃-၂၀၁၅-၂၀၁၈ ခုနှစ်တွင် တန်ချိန် ၁၆၀၀၀၀ ခန့်သာ တိုင်းတာရရှိသည့် အတွက် ၈၀ ရာခိုင်နှုန်းခန့်အထိလျော့သွားပြီး ရေအောက်ငါးတွင်လည်း ၁၉၇၉-၁၉၈၀ ပြည့်နှစ်တွင် တန်ချိန် ၇၅၀၀၀၀ မှ ၂၀၁၃-၂၀၁၅-၂၀၁၈ တွင် တန်ချိန် ၃၁၀၀၀၀ သာ တိုင်းတာရရှိသည့်အတွက် ၆၀ ရာခိုင်နှုန်း ခန့်အထိ လျော့ကျသွားကြောင်း အဏ္ဏာဝါရေပြင်ဂေဟစနစ်နှင့် ငါးသယံဇာတတည်ရှိမှု အခြေအနေများ၏ သုတေသနရလဒ်များအရ အဓိကတွေ့ရှိချက်များနှင့် အကြံပြုချက်များတွင် စီးပွားရေးအရ အရေးပါသော ငါးမျိုးစိတ်အမြောက်အမြား သိသိသာသာကျဆင်းသွားကြောင်းနှင့် တန်ဖိုးနည်းသော ငါးမျိုးစိတ်များ သိသိသာသာတိုးပွားလာကြောင်း၊ ရေပေါ်ရေအောက် ငါးထုထည် ပမာဏမှာ သိသိသာသာ ကျဆင်းသွားပြီး စီးပွားရေးအရ ရေအောက်ကြမ်းပြင်နေ ငါးထုထည်ပမာဏ လျော့နည်းသွားကြောင်း၊ ဤသို့သယံဇာတ လျော့နည်းကျဆင်းရခြင်းမှာ ငါးအလွန်အကျွံ ဖမ်းဆီးခြင်းကြောင့်ဖြစ်ပြီး ငါးအလွန်အကျွံဖမ်းဆီးခြင်း လျော့နည်းပပျောက် လာစေရန် ကောင်းမွန်သော စီမံခန့်ခွဲမှုတစ်ရပ် မြန်မာနိုင်ငံအတွက် အထူးလိုအပ်ပါကြောင်း၊ ငါးအလွန်အကျွံ ဖမ်းဆီးခြင်း လျော့နည်း ပပျောက်လာစေရန် သင့်လျော်သော စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန်အတွက် working group (လုပ်ငန်းအဖွဲ့) ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ငါးသယံဇာတ ရေရှည် တည်တံ့စေရန်နှင့် တရားမဝင်ငါးဖမ်းဆီးခြင်းများ လျော့နည်းပပျောက် စေရန် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မိတ်ဖက်ဦးစီးဌာနများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း စသည်တို့ ပါဝင်သည်။

 

သို့ဖြစ်ရာ တရားမဝင်ငါးဖမ်းဆီးမှုကာကွယ်ရေးအတွက် ကမ်းဝေး ငါးဖမ်းရေယာဉ်များတွင် ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေး Vessel Monitoring System (VMS) ကိရိယာတပ်ဆင်ခြင်း၊ စောင့်ကြည့်ထိန်းချုပ်စစ်ဆေးခြင်း၊ FAO က ထုတ်ပြန်ထားသည့် ဆိပ်ကမ်းနိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် သဘောတူညီချက်များကို လိုက်နာခြင်း၊ တရားမဝင်ဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းများ ကုန်သွယ်ရေး လမ်းကြောင်းအတွင်း ဝင်ရောက်ခြင်း မရှိစေရေးအတွက် ပြည်ပသို့တင်ပို့သည့် ရေထွက်ကုန်ပစ္စည်းကို EU Catch Certificate ထုတ်ပေးခြင်း၊ အာဆီယံနိုင်ငံများတွင် တရားမဝင် ငါးဖမ်းဆီးမှု တိုက်ဖျက်ရေးစီမံချက်အရ တရားမဝင်ဖမ်းဆီးရရှိ သည့် ရေထွက်ကုန်ပစ္စည်းများ မဖြစ်စေရေးအတွက် ASEAN Catch Documentation System တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ပူးပေါင်းပါဝင် ခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဆောင်ရွက်လျက်ရှိသော အာဆီယံဒေသတွင်း တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေးကွန်ရက်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နိုင်ငံတကာ တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေးလုပ်ငန်းစီမံချက်နှင့် ဒေသတွင်း တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေးလုပ်ငန်းစီမံချက်ပါ လိုက်နာ ဖော်ဆောင်ရမည့်အချက်များကို အခြေခံ၍ မြန်မာနိုင်ငံအမျိုးသား အဆင့် တရားမဝင် ငါးဖမ်းဆီးမှု တိုက်ဖျက်ရေးလုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ ဘေးမဲ့ဧရိယာများ၊ ကာကွယ်ထိန်းသိမ်းရေးနယ်မြေများသတ်မှတ်ခြင်း၊ ငါးမျိုးစိုက်ထည့် ပေးခြင်းများ၊ ငါး/ပုစွန် မွေးမြူရေး လုပ်ငန်းများကို အားပေးကူညီခြင်းများနှင့် အင်းအိုင်များ ထိန်းသိမ်းကာကွယ်ရေးအပိုင်းတွင်လည်း အင်းအရည်အသွေးကောင်းမွန်ရေးတို့အတွက် နှစ်ရှည်ကြေးတိုင် ချထားခြင်း၊ သုတေသနအင်းများတည်ထောင်ခြင်း၊ ဆည်တာတမံများတွင် ငါးအဆင်းအတက်လမ်းများ ဆောက်လုပ်ပေးနိုင်ရေး ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက် ရှိသည်။ ငါးလုပ်ငန်းဦးစီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်/မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနများ ငါးလုပ်ငန်းသင်တန်းကျောင်းများတွင်လည်း ဒေသခံ ငါးမွေးတောင်သူများ၊ ကျေးလက်နေပြည်သူများအား အခြေခံ ငါးမွေးမြူရေးနှင့် ဆေးထိုးသားပေါက်သင်တန်းများကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိနေသည့်အပြင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတကာစျေးကွက် ရရှိရေးတို့အတွက် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices - GAqP) သင်တန်းများ၊ ဟောပြောပွဲများ ပြုလုပ်လျက် ရှိသည်။

 

မွေးမြူရေးလုပ်ငန်းများကို စိတ်အားထက်သန်လာကြ

 

မြန်မာနိုင်ငံ၌ ငါးမွေးမြူရေးဧက ၂၅၂၄၁၅ ဒသမ ၄၃၇၊ ပုစွန် မွေးမြူရေးဧက ၂၄၄၂၈၆ ဒသမ ၃၉ နှင့် ကဏန်းမွေးမြူရေးဧက ၂၂၃၃ ဒသမ ၉၄ ရှိပြီး မွေးမြူရေးငါး/ ပုစွန်ထုတ်လုပ်မှုမှာ တန်ချိန်ထောင်ပေါင်း ၁၁၆၇ ဒသမ ၃၅ ဖြစ်ရာ ငါး/ပုစွန်ထုတ်လုပ်မှု စုစုပေါင်း တန်ချိန်ထောင် ပေါင်း ၆၀၇၄ ဒသမ ၈၂ ထုတ်လုပ်မှု၏ ၁၉ ရာခိုင်နှုန်းခန့် ပါဝင်နေ ကြောင်း တွေ့ရသည်။ သို့ရာတွင် အဆိုပါထုတ်လုပ်မှုမှာ ငါး/ ပုစွန်၊ ကဏန်း မွေးမြူရေး စုစုပေါင်းဧက ၄၉၈၉၃၆ တို့မှ ထုတ်လုပ်ခြင်းဖြစ်ရာ မွေးမြူရေလုပ်ငန်းများတွင် အဆင့်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်နေ သေးကြောင်း တွေ့ရသည်။ ထို့ပြင် ကမ်းရိုးတန်းဒေသများတွင် ရေငန်ပုစွန်မွေးမြူရေး၊ ကဏန်းပျော့မွေးမြူရေး၊ ရေငန်ငါးမွေးမြူရေး၊ ရေမှော်မွေးမြူရေး၊ ဂျင်းခရု ကမာမွေးမြူရေးလုပ်ငန်းများနှင့်ကုန်းတွင်း ပိုင်းဒေသများတွင် ငါး/ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်မည့် သဘာဝအခြေအနေကောင်းများရှိနေပြီး ယင်း အခြေအနေ ကောင်းများကို အမိအရအသုံးချသွားနိုင်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ လက်တွေ့ အခြေအနေများတွင် လည်း သဘာဝရေပြင်များမှ သယံဇာတလျော့နည်းသွားခြင်းကြောင့် ဖမ်းဆီးထုတ်လုပ်မှုထက်ပိုမိုသေချာသည့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန် စိတ်အားထက်သန်လာကြသည့် ငါးဖမ်းလုပ်ငန်း ရှင်ကြီးများက လက်တွေ့မွေးမြူလျက်ရှိနေကြပြီဖြစ်သည်။ အအေးခန်း စက်ရုံလုပ်ငန်းရှင်များအနေဖြင့်လည်း စက်ရုံများဆက်လက် ရှင်သန် လည်ပတ်နိုင်ရေးအတွက်၊ မွေးမြူရေးလုပ်ငန်းများကို တွဲဖက်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ဤသို့မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရန် များစွာလိုအပ်လျက်ရှိရာ နိုင်ငံတော်အစိုးရအဆက်ဆက်သည် ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ရပ်တည်ထောင် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ ကြကြောင်း တွေ့ရသည်။

 

ငါးလုပ်ငန်းသိပ္ပံကျောင်း(တွံတေး) ကို ထပ်မံဖွင့်လှစ်

 

လျော့နည်းကျဆင်းလာသည့် မြန်မာ့ရေသယံဇာတများကို ပြန်လည်ဖြည့်ဆည်းနိုင်ရေးနှင့် ဖမ်းဆီးထုတ်လုပ်မှုများကို လျှော့ချပြီး မွေးမြူရေးကဏ္ဍမှ တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မွေးမြူရေး ပညာရှင်များမွေးထုတ်နိုင်ရန် မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် စတင်ကြိုးပမ်းခဲ့ကြကြောင်းတွေ့ရှိရပါသည်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ရန်ကုန်တက္ကသိုလ်၌ B.Sc ( Fisheries and Aquaculture ) ဘာသာရပ်ကို တိုးချဲ့ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ရန်ကုန်တက္ကသိုလ် B.Sc(Fisheries and Aquaculture)သို့ ပေါင်းကူးနိုင်မည့် ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်း သိပ္ပံ(တွံတေး)ကျောင်းကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သင်တန်းသားခေါ်ယူခြင်းကို နိုင်ငံပိုင်သတင်းစာများမှ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာခေါ်ယူခဲ့ပါသည်။ သင်တန်းသားအရည်အချင်း သတ်မှတ်ချက်အရ လျှောက်လွှာ ပိတ်ရက်ဖြစ်သော ၂၁-၁၁-၂၀၂၂ ရက်တွင် အသက် ၂၂ နှစ်ထက် မကြီးသူ၊ တက္ကသိုလ်ဝင် စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင် ပြီးသူ မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်သည်။ သင်တန်း တက်ရောက်ခွင့်ရသူသည် သုံးနှစ်သင်တန်း တက်ရောက် အောင်မြင် ပါက ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူရေးဒီပလိုမာအောင်လက်မှတ် (Diploma in Fisheries and Aquaculture) ရရှိမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းပြည့်မီသူများသည် ရန်ကုန်တက္ကသိုလ်၌ B.Sc (Fisheries and Aquaculture) သင်တန်းတက်ရောက်ရန် ဝင်ခွင့်ဖြေဆိုခွင့်ရရှိမည်ဖြစ်ပါသည်။

 

အားထားရမည့် သင်တန်းကျောင်းကြီး

 

ယခုဖွင့်လှစ်သည့် ပထမနှစ်သင်တန်းသို့ သင်တန်းသား ၂၀ နှင့် သင်တန်းသူ ၂၄ ဦးတို့သည် အဆောင်နေ ကျောင်းအိပ်ကျောင်းစား သင်တန်းသားများအဖြစ် တက်ရောက်ပညာသင်ကြားလျက်ရှိပြီး နိုင်ငံတော်အစိုးရက သင်တန်းသားများသို့ ပညာသင်စရိတ်အဖြစ် လစဉ်ကျပ်သုံးသောင်း ထောက်ပံ့လျက်ရှိသည်။ ပထမနှစ်မှ တတိယ နှစ်အထိ သင်တန်းများတွင် သင်ကြားမည့်ဘာသာရပ်မှာ ငါးမျိုးအမည် သရုပ်ခွဲခြင်း၊ ငါးအစာအာဟာရ ငါးအစာနှင့်အစာကျွေးခြင်း၊ မျိုးပွား ခြင်းဆိုင်ရာဇီဝဗေဒ၊ ရေချိုငါးသယံဇာတနှင့် ဂေဟစနစ်၊ ငါးလုပ်ငန်း ဆိုင်ရာဇီဝဗေဒ၊ ငါးသားဖောက်ရုံစီမံခန့်ခွဲမှုနှင့် အသုံးချနည်းပညာ၊ ငါးမွေးကန်စီမံခန့်ခွဲမှုနှင့် အသုံးချနည်းပညာ၊ ရေသတ္တဝါမွေးမြူရေး အင်ဂျင်နီယာပညာ၊ ဇီဝကမ္မဗေဒ၊ ငါးမျိုးရိုးဗီဇဆိုင်ရာ၊ ငါးလုပ်ငန်းဆိုင်ရာစီးပွားရေးပညာ၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စီမံခန့်ခွဲမှု၊ စီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ငါးသယံဇာတ ဂေဟဗေဒ၊ ရေသတ္တဝါရောဂါဗေဒ စသည့်ဘာသာရပ်များနှင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာဘာသာရပ်များဖြစ်ပြီး နှစ်အလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်သည်။

 

 သို့ဖြစ်ရာ ယခုဖွင့်လှစ်နိုင်ခဲ့သည့်ကျောင်းကြီးသည် လူငယ်များ အတွက် ဘာသာရပ်နှင့် သက်ဆိုင်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက်သာမကဘဲ အနာဂတ်တွင် ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျှော်လင့် အားထားရမည့်သင်တန်းကျောင်းကြီး ဖြစ်ပါသည်။ လက်ရှိ တက်ရောက် ပညာသင်ယူနေကြသည့် ကျောင်းသားလူငယ်များနှင့်နောင်အဆက်ဆက်သော ကျောင်းသားလူငယ်များသည် မြန်မာနိုင်ငံ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် အားထားရသော ပညာရှင်များ ဖြစ်ကြပါစေကြောင်းနှင့် ငါးလုပ်ငန်းသိပ္ပံကျောင်းကြီးသည်လည်း နိုင်ငံတော်အတွက် အားထား ရမည့် ပညာရှင်များမွေးထုတ်ပေးရာ တက္ကသိုလ်ကြီးတစ်ရပ်ဖြစ်သည်အထိ ဆက်လက်တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်တောင်း လျက် ဂုဏ်ပြုရေးသားတင်ပြအပ်ပါသည်။