ငါးနိုင်ငံက ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်အာဖရိကမှလာသော လေကြောင်းခရီးစဉ်အားလုံး တားမြစ်ပိတ်ပင်

ဂျိုဟန်နီစဘာ့ခ်၊ ၂၂ ဒီဇင်ဘာ

 

မကြာသေးမီက တောင်အာဖရိကနိုင်ငံ၌ ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး တွေ့ရှိခဲ့ပြီးနောက် ဂျာမနီ၊ တူရကီ၊ အစ္စရေး၊ ဆွစ်ဇာလန်နှင့် ဆော်ဒီအာရေဗျနိုင်ငံက တောင်အာဖရိကမှလာသော လေကြောင်းခရီးစဉ်အားလုံးကို ဆိုင်းငံ့လိုက်ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

 

အဆိုပါနိုင်ငံတို့သည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပိုးသစ် (SARS-COV-2) ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရန်အတွက် လေကြောင်းလိုင်းများ တားမြစ်ပိတ်ပင်ရန် ကြေညာထားသည့်နိုင်ငံများတွင် ပါဝင်လာကြသည်။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရန် လေကြောင်းလိုင်းများ တားမြစ်ပိတ်ပင်ထားသည့် ယင်းနိုင်ငံများအနက် အများစုသည် နိုင်ငံအတွင်း လေယာဉ်များဝင်ရောက်ခြင်းမှ တားမြစ်ပိတ်ပင်မှုကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ အကျုံးဝင်စေခဲ့ကြောင်း သိရသည်။

 

ဂျာမနီနိုင်ငံသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ပြန့်ပွားမှုထိန်းချုပ်ရန် ရောဂါဖြစ်ပွားသည့်နိုင်ငံများမှ လေယာဉ်များအား နိုင်ငံအတွင်း ဝင်ရောက်ခြင်းမှ တားမြစ်ထားသည့် ပထမဦးဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် ဂျာမနီ၊ ဗြိတိန်နှင့် တောင်အာဖရိကနိုင်ငံတို့အကြား ခရီးသွားလာမှုကို ပြည်ထောင်စုအစိုးရအနေဖြင့် ပို၍တင်းကြပ်ထားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မာတီနာဖီယာ့ဇ်က ပြောကြားသည်။

 

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို တောင်အာဖရိကနိုင်ငံ အရှေ့ကိပ်ပြည်နယ်တွင် ပထမဦးဆုံး တွေ့ရှိခဲ့ပြီး ယခုအခါ နိုင်ငံ၏ ကမ်းရိုးတန်းပြည်နယ်များဖြစ်သည့် ကွာဇူလူ-နာတာလ်နှင့် အနောက် ကိပ်ပြည်နယ်များသို့ ကူးစက်ပျံ့နှံ့သွားကြောင်း သိရသည်။

 

ထို့အပြင် ကမ္ဘာ့နိုင်ငံအတော်များများသည် ဗြိတိန်၌ ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိခဲ့ပြီးနောက် ဗြိတိန်နိုင်ငံကိုလည်း လေကြောင်းလိုင်းတားမြစ်ထားသည့် နိုင်ငံများစရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ