ငဖဲမြို့နယ်၊ ကော်ဖီခြံ(နတ်ရေကန်)တွင် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ကော်ဖီပျိုးပင်နှင့် အရိပ်ရပျိုးပင် ၁၂၅၅၀ အခမဲ့ပေးအပ်

ငဖဲ ဇွန် ၂၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ကော်ဖီပျိုးပင်နှင့် အရိပ်ရပျိုးပင် ၁၂၅၅၀ ကို  ကော်ဖီစိုက်တောင်သူများအား အခမဲ့ဖြန့်ဖြူးပေးအပ်ပွဲကို ဇွန် ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုး၊ ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းနှင့် ဝန်ထမ်းများ၊ တောင်ပေါ်ဒေသ ၁၀ အုပ်စုမှ ကော်ဖီစိုက်တောင်သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ငဖဲမြို့နယ် နတ်ရေကန် တောင်ပေါ်ဒေသရှိ ကော်ဖီစိုက်တောင်သူများအား ကော်ဖီပျိုးပင် ၅၀၀၀၊ မက္ကဒေးမီးယားပင် ၃၃၀၀၊ မျောက်ငိုပင် ၂၃၀၀ နှင့် ထောပတ်ပင် ၁၉၅၀  စုစုပေါင်း ပျိုးပင် ၁၂၅၅၀ ကို တာဝန်ရှိသူများက အခမဲ့ဖြန့်ဖြူး ပေးကြသည်။

 

ငဖဲမြို့နယ် ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ နတ်ရေကန်(ကော်ဖီခြံ)တွင် အာရေဗီးကား(ဗီယက်နမ်) ကုန်းမြင့် ကော်ဖီမျိုး ဧက ၄၀ စိုက်ပျိုးထားရှိပြီး တောင်ပေါ်ဒေသ ကျေးရွာများတွင် ပုဂ္ဂလိက တောင်သူစိုက်ဧက ၁၀၄၅ ဧက စုစုပေါင်း ၁၀၈၅ ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

မယု(ငဖဲ)