ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ငဖဲ  ဒီဇင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း(Book Club)နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များ သိရှိစေရန်နှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-7 စနစ်သစ် ကျောင်းသား ကျောင်းသူ (၄၈ )ဦး တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်အတွက် ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်ကို ရှင်းလင်းဆွေးနွေးကာ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း (Book Club)ဥက္ကဋ္ဌ ဦးသန်းဦးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများနှင့်  မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို အသိပညာပေးဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ သုတ၊ ရသစာအုပ်များ၊ပုံပြင်စာအုပ်များ၊ စာပေဗိမာန် ဆုရစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး  ရုပ်ပြများနှင့် အေအိုင်ဒီအက်စ်ရောဂါကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

မယု(ငဖဲ)