ငဖဲမြို့နယ် ရင်းရှည်ကျေးရွာတွင် စွမ်းအားမြှင့် CCC မီးဖို ၄၃၄ လုံး အခမဲ့ဖြန့်ဝေ

ငဖဲ ဖေဖော်ဝါရီ ၂၈

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) အစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်သော တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ(မြန်မာနိုင်ငံ)၌ စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေး စီမံကိန်းအနေဖြင့် စွမ်းအားမြှင့် CCC မီးဖိုများကို ကျေးရွာများတွင် အခမဲ့ဖြန့်ဝေလျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက ရင်းရှည်ကျေးရွာအုပ်စု ရင်းရှည်ကျေးရွာများတွင် စွမ်းအားမြှင့် CCC မီးဖို ၄၃၄ လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် မင်းဘူးခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးမျိုးလွင်ထွန်းက ကျေးရွာပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ သဘာဝတောများ ထိခိုက်ပျက်စီမှုလျော့နည်း သက်သာစေရန်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စွမ်းအားမြှင့် CCC မီးဖိုများ ပေးအပ်ရခြင်းဖြစ်ကြောင်း နှင့် မီးဖိုသုံးစွဲခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စွမ်းအားမြှင့် မီးဖိုသုံးစွဲမှုလမ်းညွှန် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။

 

ထို့နောက် မင်းဘူးခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးမျိုးလွင်ထွန်း၊ ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်းနှင့် ဝန်ထမ်းများက ကိုရီးယားသမ္မတနိုင်ငံ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေးစီမံကိန်းများအရ ရင်းရှည်ကျေးရွာရှိ အိမ်ထောင်စု (၄၃၄)စုအတွက် မီးဖို (၄၃၄)လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ဖြန့်ဝေပေးအပ်ရန် ကျန်ရှိသည့် ကျေးရွာများကို ဆက်လက်၍ ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)