ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ကော်ဖီ ၁၀၆၆ ဧက စိုက်ပျိုးအောင်မြင်

ငဖဲ     ဇွန်      ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသ (နတ်ရေကန်)တွင် ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အာရေဗီးကား (ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုးများကို စိုက်ပျိုးထားရာ ၁၀၆၆ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ် တောင်ပေါ်ဒေသ (နတ်ရေကန်) သည် မင်းဘူး - အမ်း ကားလမ်း အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၅ မိနစ်နှင့် ၉၄ ဒီဂရီ ၂၆ မိနစ်ကြား၊ ပင်လယ်ရေ မျက်နှာပြင်အမြင့် ၃၈၁၉ ပေတွင် တည်ရှိပြီး ဒေသခံတောင်သူများက ကော်ဖီ၊ လက်ဖက်၊ ဝဥ၊ ထောပတ်၊ ကမ္ဗလာ၊ ရှောကျခြို၊ ပိန်နဲ၊ ငရုတ်၊ ငှက်ပျော၊ သံပုရာ စသည့် နှစ်ရှည်သီးနှံပင်များကို အများဆုံးစိုက်ပျိုးကြသည်။ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ - သီးနှံဌာနခွဲ၊ ကော်ဖီခြံ (နတ်ရေကန်) တွင် အာရေဗီးကား (ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုး ဧက ၄၀ စိုက်ပျိုးထားပြီး တောင်ပေါ်ဒေသ ကျေးရွာများတွင် ပုဂ္ဂလိက တောင်သူစိုက်ဧက ၁၀၂၆ ဧက စိုက်ပျိုးထားသည်။

ငဖဲမြို့နယ် နတ်ရေကန်(ကော်ဖီခြံ)မှ တစ်နှစ်လျှင် ကော်ဖီစေ့ ၂ ဒသမ ၈ တန်နှင့် ပုဂ္ဂလိက စိုက်ခင်းများမှ ၄၃ တန်ခန့် စုစုပေါင်း ၄၅ တန်ကျော် ထွက်ရှိပြီး ၎င်းကော်ဖီများကို ရွာငံ၊ ရေနံချောင်း၊ ရန်ကုန်နှင့် ပြင်ဦးလွင် စျေးကွက်များသို့ တစ်တန်လျှင် ငွေကျပ်သိန်း ၃၀ မှ ၅၀ နှုန်းထိ တင်ပို့ရောင်းချရကြောင်း သိရသည်။

မယု(ငဖဲ)