ငဖဲ မတ် ၂၃
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆောင်းသီးနှံများ စိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံ နေကြာ ၆၈၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၄ ဒသမ ၁၂ တင်းနှုန်းဖြင့် နေကြာ ၉၇၂၉ တင်း ထွက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အထွက်နှုန်းကောင်းမွန်သည့် ဆင်းရွှေကြာ-၂ မျိုးနှင့် အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင် သန်စွမ်းကောင်းမွန်သည့် ရေဆင်းစပ်မျိုး-၁ မျိုးများကို ၆၈၉ ဧက စိုက်ပျိုးနိုင်ခဲ့ကာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်၍ တစ်ဧက ၁၄ ဒသမ ၁၂ တင်းနှုန်းဖြင့် ၉၇၂၉ တင်းထွက်ရှိကြောင်း၊ ဒေသခံတောင်သူများ နေကြာရိတ်သိမ်းရာတွင် အထွက်နှုန်းလျော့နည်းမှုနှင့် လေလွင့်ဆုံးရှုံးမှုမရှိရေး အချိန်မီရိတ်သိမ်းကြရန်နှင့် ရိတ်သိမ်းပြီးနေကြာများကို စနစ်တကျ ထားသိုသိမ်းဆည်းကြရန် အသိပညာပေး ဆောင်ရွက်နေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းက ပြောသည်။
ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သော မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ အပင်ကြီးထွားဖြစ်ထွန်းရေး၊ အပွင့်အရွယ် အစားကြီးမားစေရေး၊ အစေ့အဆန်အောင်မြင် စေရေးတို့အတွက် လိုအပ်သောသွင်းအားစုများ စနစ်တကျထည့်သွင်းပေးရေး၊ အပင်ပြုစု စောင့်ရှောက်ရေး နည်းစနစ်များ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် စနစ်တကျ ရိတ်သိမ်းနည်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။
ငဖဲမြို့နယ်အပြင် တခြားဒေသများ၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာကို စိုက်ဧကများ တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စားသုံးဆီဖူလုံစေမည့်အပြင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကိုလည်း အထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


