ငဖဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးနှမ်း ၁၃၁၆ ဧက လျာထားချက်ထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်

ငဖဲ ဇူလိုင် ၄

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် မိုးသီးနှံ နှမ်း ဧက  ၉၄၄၀ စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၁၀၇၅၆ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်၍ လျာထားချက်ထက် ၁၃၁၆ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ငဖဲမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။

 

ငဖဲမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးသီးနှံများအဖြစ် စပါး၊ မြေပဲ၊ နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ငရုတ်စို(မိုး)၊ ပဲနောက်၊ ပြောင်းနှင့် နှမ်းများကို အများဆုံးစိုက်ပျိုးကြရာ လယ်မြေများတွင် မိုးစပါးစိုက်ပျိုးမှု ကုန်ကျစရိတ်ထက် မိုးနှမ်း စိုက်ပျိုးမှု ကုန်ကျစရိတ်ပိုမိုသက်သာပြီး နှမ်းဈေးကောင်း ရရှိသောကြောင့် တစ်နှစ်လျှင် နှမ်းကို နှစ်သီးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က နှမ်းသီးနှံကို ဧက ၉၄၄၀ စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက အထွက်နှုန်း  ၅ တင်းခန့် ထွက်ရှိကြောင်း သိရသည်။

 

မိုးရာသီ နှမ်းသီးနှံကို ကျေးရွာအုပ်စု ၂၂ အုပ်စုရှိ ကွင်း ၁၁၂ ကွင်းတွင် စမုန်နက် နှမ်းမျိုးနှင့် ဒေသနှမ်းမျိုးများကို  အများဆုံး စိုက်ပျိုးကြပြီး ဒေသတွင်း စားသုံးဆီဖူလုံစေရေး နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုး ဦးဆောင်ကြီးကြပ်၍  ငဖဲမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများ၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာကွ င်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

မယု(ငဖဲ)