ငါးသားပေါက်ဈေးကွက်အတွင်း ကန်သမားများက ငါးတန်သားပေါက်ကို ထည့်သွင်းမှုများနေ

ရန်ကုန် မေ ၃၁

 

ငါးသားပေါက်ဈေးကွက်အတွင်း၌ ကန်သမားများမှာ ငါးတန်သားပေါက်များကို ထည့်သွင်းမှုများ‌ နေကြောင်း ငါးသားပေါက်မွေးမြူရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။


"အခုမိုးကျတဲ့ကာလ ကန်သမားတွေက ငါးတန်ကို ထည့်ကြတယ်ဗျ။ သူက ဒုတိယအများဆုံး ကန်သမားတွေ ကြိုက်ကြတာပေါ့။ ငါးခွဲလှန်းကြတယ်။ အစိမ်းကလည်း ဈေးကောင်းတယ်လေ။ အတော်များများ ကိုက်ကြတာကိုး။ ကန်သမားအများဆုံးကြိုက်တာ ငါးမြစ်ချင်းပေါ့။ ဒုတိယ အများဆုံး မွေးမြူကြတာက ငါးတန်ကို မွေးကြတယ်ပေါ့" ဟု ခရမ်းမြို့နယ်ရှိ အောင်ထက်ကျော် ငါးသားပေါက်မျိုးစုံရောင်းဝယ်ဖြန့်ချိရေးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပန်းတနော်မြို့နယ်မှ တင်ပို့သည့် ငါးတန်များ ဝယ်လိုအားကောင်း ခဲ့ကာ ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဝယ်လိုအားကောင်းခဲ့ပြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးတန်များအများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ပန်းတနော်မြို့နယ်မှ သဘာဝအတိုင်းဖမ်းယူရရှိသည့် ငါးတန်များကိုလည်း တင်ပို့နေပြီး ရန်ကုန်မြို့မှတစ်ဆင့် ပြည်တွင်းရှိ တခြားဒေသများသို့ ပါတင်ပို့ရောင်းချလျက်ရှိကြောင်း ပန်းတနော်မြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းများထံက သိရသည်။


မြန်မာနိုင်ငံ၏ သဘာဝမျိုးရင်းဖြစ်သော မြစ်ငါးတန်ကို သားဖောက်ထုတ်လုပ် အောင်မြင်လျက်ရှိရာ ငါးတန်ငါးမှာ မွေးမြူရေးတွင် အရေးပါသောငါးဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ငါးခြောက်ပြု လုပ်ရာတွင်လည်း များပြားနေဆဲဖြစ်ကြောင်း သိရသည်။

Thit Taw