ငါးသိုင်းချောင်းမြို့၌ ခြောက်ဘီးယာဉ်တစ်စီး ချောက်ထဲထိုးကျရာမှ နှစ်ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိ

ငါးသိုင်းချောင်း        ဇူလိုင်        ၂၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မိဿလင်ကျေးရွာအုပ်စု၊ မိဿကျေးရွာ ရေနံ့သာ-ဂွကားလမ်းကွေ့တွင် ဇူလိုင် ၁၉ ရက် ညပိုင်းက လမ်းခင်းမြေရောကျောက်များ တင်ဆောင်လာသည့် ခြောက်ဘီးယာဉ်တစ်စီး ချောက်ထဲထိုးကျကာ ယာဉ်ပေါ်ပါလာသူ နှစ်ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယာဉ်မောင်း နေစက်ရှိန်(ခ)နေကြီး မောင်းနှင်လာသော SKAT အမျိုးအစား ယာဉ်အမှတ် - 6H/xxxx မော်တော်ယာဉ်သည် လမ်းခင်းမြေရောကျောက်များ တင်ဆောင်လာပြီး ဂွမှ ရေနံ့သာဘက်သို့ မောင်းနှင်လာစဉ် မိဿလင်အုပ်စု၊ မိဿလင်ကျေးရွာ၊ အရပ်ခေါ်(စာဥစမ်း) လမ်းကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ထိုးကျခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူ အမျိုးသား ငါးဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၂ ဦးအနက် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ဒဏ်ရာရရှိသူများနှင့် သေဆုံးသူတို့ကို ငါးသိုင်းချောင်းမြို့မှ အာယုပါလ၊ ရေကြည်ဂရုဏာလူမှု ကူညီရေးအသင်း၊ ကျုံပျော်နာရေးကူညီမှုအသင်း၊ ကုန်းပြင်နာရေးကူညီမှုအသင်းတို့မှ ကားများဖြင့် ရေကြည်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပြီး ယာဉ်မောင်ဖြစ်သူကို ကုန်ပြင်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဆန်းတင့်(ရေကြည်)