ပင်လယ်ပြာ(ငါးဦးစီး)

 

ငါးသလောက်သည် ရေငန်မှာနေသော ငါးမျိုးစိတ်ဖြစ်ပြီး သားပေါက်ရန်အတွက် ရေချိုကိုပြန်လာကြသည့် (Anadromous Fish)  မျိုးစိတ်များဖြစ်ကြသည်။ သက်တမ်းတစ်နှစ်နှင့် နှစ်နှစ်မှာ အရွယ်ရောက်ကြပြီး ရေချိုမြစ်အတွင်း ဥချသားပေါက်လေ့ရှိသည်။ သားပေါက်များသည် ငါးလ၊ ခြောက်လသား အရွယ်တွင် ရေချို၊  ရေငန်စပ်နှင့်  ပင်လယ်ပြင်ကို ပြန်လေ့ရှိကြသည်။

 

ငါးသလောက်၏ ခန္ဓာဗေဒအချက်အလက်များ

ငါးသလောက်ကို  ပါဏဗေဒအမည် အားဖြင့် ‘ဟီလဆာ အလီရှား’ ဟု ခေါ် သည်။ အရသာရှိသော ငါးအဖြစ် အသိများ သည်။ ရေချို၊ ရေငန်နှစ်ရပ်လုံးတွင် နေနိုင် သည်။ မိုးတွင်းနှင့် ဆောင်းရာသီအကုန်ပိုင်းတွင် ဥဥရန် ပင်လယ်မှ  မြစ်ထဲ သို့  ဆန်တက်လာလေ့ရှိသည်။  ဥပြီး ငါးသလောက်သည် ကြုံလှီသွားကာ အရသာ ပျက်သွားတတ်သည်။ ငါးသလောက်၏ ကိုယ်သည်ပြား၍ ဗြက်အနည်းငယ်ကျယ်သည်။

 

ကျောဆူးတောင် အထက်နားသည် အလယ်၌ခွက်နေ၏။ အမြီးခွသည် စောက်နက်၍ အဖျားနှစ်ခုသည် ဘေးသို့ ကားထွက်နေသည်။ အကြေးများသည် ခေါင်းမှအမြီးတိုင်အောင် ညီညီညာညာရှိကြသည်။ အရောင်မှာ ရွှေရောင်သန်းလျက်ရှိရာ တစ်ခါတစ်ရံ ကန့်လန့်အမည်းစင်းများထင်နေတတ်သည်။ အထူးသဖြင့် ငါးသလောက် ငယ်များတွင် ကျောပိုင်း၌ ကန့်လန့်အမည်းစင်းများ ပါလေ့ရှိသည်။ ကိုယ်ရှည် ၁ ပေမှ ၂ ပေအထိ ရှိတတ်၏။ ငါးသလောက်ကို ဟင်းလျာအဖြစ် သုံးကြ ရုံမက ငါးပိဆားနယ်အဖြစ်လည်း သုံးကြသည်။

 

mdn

 

နေထိုင်မှုအလေ့အထ

ငါးသလောက်ငါးမှာ ရေပေါ်ရေလွှာနေငါး (pelagic fish)များ ဖြစ်ကြပြီး ငါးသလောက်မျိုးစိတ်အားလုံးသည် ရာသီဥတုအလိုက် နေရာဒေသပြောင်းရွှေ့ ကျက်စားသောသဘာဝရှိကြသည်။ ငါးသလောက် သက်တမ်းမှာ (၁-၃) နှစ်ထိရှိပြီး ငါးသလောက်အမမှာ ဥပေါင်းသုံးသိန်းမှ တစ်သန်းထိ ဥဥနိုင်ကြပါသည်။ အပင်မျှောလှေး (plankton) နှင့် ရေညှိ ရေမှော် (algae) များကို အများဆုံး စားသုံးကြသည်။

 

ငါးသလောက်များသည် ကမ်းရိုးတန်း တစ်လျှောက်တွင် အုပ်စုဖွဲ့ကာ နေထိုင်ကျက်စားကြသလို မြစ်အထက်ပိုင်း သို့လည်း ဆန်တက်နိုင်ကြသည်။ ငါးသလောက်သည် အနံ့အရသာ ကောင်းမွန်ရုံသာမက အသားမှာလည်း နူးညံ့လှသဖြင့် ပြည်ပပို့ကုန်အဖြစ်နာမည် ကြီးပြီး တန်ဖိုးမြင့်ငါးဖြစ်သည်။

 

မြန်မာ့ငါးသလောက်မျိုးစိတ်များ

မြန်မာနိုင်ငံတွင် တွေ့ရများသော ငါးသလောက်မျိုးစိတ်နှစ်မျိုးမှာ မြန်မာအခေါ်အရ ငါးသလောက်နှင့် ငါးသလောက် ယောက်ဖဟု အမည်တွင်ပြီး ဒေသအခေါ်မှာ အာနီ၊ အာကြမ်းဟု ခေါ်ဆိုကြကာ အင်္ဂလိပ်အမည်မှာ Hilsa shad နှင့် Toli shad ဟူ၍ဖြစ်သည်။

 

ဒေသထွက်ကုန်အဖြစ် ငါးသလောက် မျိုးစိတ် (Herring Fish) နှစ်မျိုးကို တွေ့ရှိ ရသည်။ ၎င်းတို့မှာ-

(၁) Tenualosa ilisha (သို့) Hlisa shad (သို့) ilisha shad

(၂) Tenualosa toil (သို့) Toli shad ဟူ၍ ဖြစ်သည်။

 

Hilsa shad(သို့) ilisha shad(သို့) Ar-ni (အာနီ) ငါးတွင် ကျောဘက်ပိုင်း၌ ဆူးများမရှိကြဘဲ ပျော့ပျောင်းသော အရေးအကြောင်း (၁၈-၂၁) အထိ ရှိကြ သည်။ အာနီငါးများသည် ဆလင်ဒါပုံ သွယ်လျလျရှိကြကာ အရွယ်အစားမှာ အမြင့်ဆုံး ၆၀ စင်တီမီတာရှိပြီး အများအားဖြင့် (၃၀-၃၆) စင်တီမီတာရှိကြောင်း တိုင်းတာလေ့လာမှုအရ သိရှိရသည်။

 

အာနီငါးသလောက်ငါးသည် ငွေမင်ရောင်ရှိပြီး ရွှေရောင်နှင့် ခရမ်းရောင်တို့လည်း အနည်းငယ် စပ်ဟပ်လျက်ရှိကြသည်။ သားလောင်းများ အရွယ်ရောက်ချိန်တွင် သေးငယ်သောအမည်းရောင် အစက်အပြောက်များ အစီအရီ ထူးခြားစွာ ပေါ်ပေါက်လာသည်ကို တွေ့ရပါသည်။ အမြီးပိုင်းမှာ ဦးခေါင်းပိုင်းကဲ့သို့ ရှည်လျား သွယ်လျကြသည်။

 

Toil shad (သို့) Ar- gyan (အာကြမ်း) (သို့) ငါးသလောက်ယောက်ဖမျိုးစိတ်၏ ကျောဘက်ပိုင်းနှင့် စအိုဘက်ပိုင်းတွင် ဆူးချွန်များ မရှိကြပါ။ ခန္ဓာကိုယ်ပုံသဏ္ဌာန် မှာ ဆလင်ဒါပုံသွယ်လျလျရှိပြီး အမြီးပိုင်း သည် ဦးခေါင်းပိုင်းထက် ပိုရှည်လျားသည်ကို တွေ့ရှိရသည်။ ပါးဟပ်နောက်ဘက်ပိုင်းတွင် အမည်းရောင် အမှတ်အသားများကို တွေ့ရပြီး အစက်အပြောက်များကိုမူ မတွေ့ရှိရပါ။ အာကြမ်းငါးများသည် ငွေမင် ရောင်ရှိပြီး အခြားအစိတ်အပိုင်း အနည်းငယ်တွင် အပြာ၊ အစိမ်းနှင့်အမည်းရောင်များ အနည်းငယ်စီ စပ်ဟပ်လျက်ရှိသည်ကို တွေ့ရှိကြရသည်။

 

အမြင့်ဆုံးခန္ဓာကိုယ် အလျားသည် ၅၀ စင်တီမီတာရှိပြီး အများအားဖြင့် (၃၀-၄၀) စင်တီမီတာအထိ ရှိကြသည်။ အာကြမ်းငါးသလောက် မျိုးစိတ်ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ တွင် အများဆုံး တွေ့ရှိရပါသည်။

 

Herring Fish(ငါးသလောက်နွယ် ဝင်ငါး) သည် တစ်နှစ်ပတ်လုံး နှစ်ရာသီ သားပေါက်ကြပြီး ရှည်လျားမိုးတွင်း ကာလ (မိုးရာသီ) တွင် တစ်ကြိမ်၊ တိုတောင်းသော ဆောင်းရာသီအကုန်ပိုင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် သားပေါက်ကြသည်။ ငါးသလောက် အမများသည် ဥပေါင်း သုံးသိန်းမှ တစ်သန်းအထိ ဥ ဥနိုင်ကြသည်။ ဥ ဥချ ပြီးနောက် သားလောင်းလေးများသည် မြစ်ကြောင်းမှတစ်ဆင့် ပင်လယ်ပြင်သို့ ဆင်းသက်သွားကြပြီး မွေးရပ်မြေမှ ဝေးသောနေရာများတွင် ကြီးပြင်းကြသည်။ သားလောင်းလေးများသည် ပင်လယ်ပြင်သို့ ရောက်ရှိပြီးနောက် ဝေးသောဒေသများသို့ သွားလာခြင်းမပြုလုပ်ကြတော့ပါ။ သို့သော်လည်း ရေတိမ် သောင်ခုံနှင့် ကမ်းခြေဝန်းကျင် တစ်လျှောက်သွားလာ လှုပ်ရှားတတ်ကြသည်။

 

ငါးသလောက်နှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်များ

မြန်မာနိုင်ငံမှာ ငါးသလောက်မျိုး မသုဉ်းစေရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်းရှင်များအနေဖြင့် လွန်ခဲ့သော ၂၀၁၁ ခုနှစ်လောက်က ဥပဒေများ ပြဋ္ဌာန်းခဲ့သလို ငါးသလောက်ငါး မဖမ်းရရာသီကိုလည်း သတ်မှတ်ထားသည်ဟု သိရသည်။

 

ငါးသလောက်ငါးများ ဥချသားပေါက်ရန် ရေချိုသို့ တက်ရောက်လာသည့် နှစ်စဉ် စက်တင်ဘာ ၁၅ ရက်မှ အောက်တို ဘာ ၁၅ ရက်အထိ ငါးသလောက်ဖမ်းဆီးခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားခြင်း ဖြစ်သည်။

 

ထို့ပြင် ငါးသလောက်ဖမ်းရာသီတွင် တရားဝင်မှတ်ပုံတင်ထားသူများသာ ဖမ်းခွင့်ပြုထားသည်။ ဤကား ငါးသလောက်ဖမ်းဆီးမှုကို ကန့်သတ်လိုက်ခြင်းပင်ဖြစ်သော်လည်း ဥကပ်ငါးသလောက်ဖမ်းဆီးမှုကိုတော့ တားမြစ်ထားခြင်း မရှိသေးပါ။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ ဥကပ်ငါးသလောက်ဖမ်းယူခြင်းကို ဥပဒေဖြင့် ကာကွယ်ပေးလျက် ထိန်းသိမ်းထားကြောင်း သိရပါသည်။ ဥကပ်ငါးနှင့် ငါးသားပေါက်ဖမ်းယူမှုကို ဥပဒေဖြင့် တားမြစ်ပေးခြင်းသည် ငါးသလောက် မျိုးသုဉ်းမည့် အန္တရာယ်ကို ကာကွယ်ပေး နိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ ဥပဒေများအနက် အရေကြီးသော အချက်တချို့ကို ဖော်ပြ လိုပါသည်။ ယင်းတို့မှာ-

 

၁။ သုံးထပ်ပိုက်များဖြင့် ငါးသလောက် ဖမ်းဆီးခြင်း ခွင့်မပြုခြင်း။

၂။  ပိုက်ကွက် လေးလက်မအောက် ကျဉ်းသော ပိုက်ကွက်များဖြင့် ငါးသလောက်ပိုက်မျှောခြင်း ခွင့်မပြု ခြင်း။

၃။ ငါးသလောက်ငါး၏ အဓိကသား ပေါက်ရာသီဖြစ်သော စက်တင်ဘာလမှ အောက်တိုဘာလအထိ ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ခြင်း။

၄။ သင့်လျော်သော နေရာဒေသများကို ငါးသလောက်ဘေးမဲ့နေရာများ သတ်မှတ်ပေးစေခြင်း စသည်တို့ဖြစ်သည်။

 

ငါးသလောက်ဥချခြင်း၏ အမြင့်ဆုံးအချိန် အောက်တိုဘာ ၆ ရက်မှ ၂၂ ရက်အထိကိုလည်း “တစ်နိုင်ငံလုံး ငါးသလောက်မဖမ်းရ” အဖြစ် ပိတ်ပင်ထိန်းသိမ်းထားခြင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငါးသယံဇာတ ထိန်းသိမ်းရေး တိုးတက်လာစေကြောင်း တွေ့ရသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ငါးသလောက်သားပေါက်ချိန် ရာသီအလိုက် ငါးဖမ်းခွင့်ပိတ်ပင်ခြင်းနှင့် ငါးမဖမ်းရဧရိယာများ သတ်မှတ်နိုင်ခဲ့ခြင်းသည် သယံဇာတထိန်းသိမ်းရေး အတွက် လွန်စွာကြီးမားသည့် သမိုင်း မှတ်တိုင်တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။