ငါ့သရောက်မြို့နှင့် တောင်ဇင်း-ကန်စောင့် ကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းကို ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်

နေပြည်တော် ၄ နိုဝင်ဘာ

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့တွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် မေးမြန်းသည့် “မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ငါ့သရောက်မြို့နှင့် တောင်ဇင်း - ကန်စောင့် ကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် ဘဏ္ဍာရေးနှစ်အလိုက်ပိုင်း၍ အဆင့်တိုးမြှင့်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။

 

အဆိုပါမေးမြန်းမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ငါ့သရောက် (သိမ်ရွာ)နှင့် တောင်ဇင်း-ကန်စောင့်ကျေးရွာသို့ ဆက်သွယ်သောမြေသားလမ်းသည် အရှည် (၁၃)မိုင်ရှိပါကြောင်း၊ ငါ့သရောက် (သိမ်ရွာ)မှ ထန်းပေါက်ကုန်းအထိ လမ်းပိုင်းအရှည် (၃)မိုင် (၆)ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းစာရင်းတွင်ပါဝင်ပြီး ကွမ်းဖလား-ကန်စောင့်-ထန်းပေါက်ကုန်း လမ်းပိုင်းအရှည် (၉)မိုင် (၂)ဖာလုံသည် ကျေးလက်လမ်းစာရင်း၌ ပါဝင်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။

 

ကျေးလက်လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးသော လမ်းအရှည် (၉)မိုင် (၂)ဖာလုံကို ကျေးလက်လမ်းအဖြစ် သိမ်းသွင်းဆောင်ရွက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ငါ့သရောက် (သိမ်ရွာ) - ထန်းပေါက်ကုန်း လမ်းပိုင်းအရှည် (၃)မိုင် (၆)ဖာလုံအား ကျေးလက်လမ်း ဖွံ့ဖြိုးရေး (၁၃)နှစ်စီမံကိန်းအရ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

 

MDN

ကိုးကား/ဓာတ်ပုံ- အမျိုးသားလွှတ်တော်