ငါ့သရောက်မြို့တွင် နွားစာမြက် ရှားပါးလာသောကြောင့် ထန်းသီး၊ ထန်းနို့နှင့် သစ်ရွက်များသာ ခူးကျွေးနေရ

ငါ့သရောက် ၁၈ ဇွန်  

 
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် အတွင်းရှိ ကျေးလက်တောင်သူများ နွားစာမြက် ရှားပါးနေခြင်းကြောင့် နွားစာမြက်အစား ထန်းသီး၊ ထန်းနို့နှင့် သစ်ရွက်များသာ ကျွေးနေရကြောင်း တောပြားကျေးရွာ ကုက္ကိုစုတဲတိုက်နေ နွားမွေးမြူသူ ဦးအောင်ဝင်းထံက သိရသည်။


ငါ့သရောက်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းတွင် ပါဝင်သော ဒေသတစ်ခုဖြစ်ကာ နွားစာမြက် ရှားပါးရုံသာမက နွေရာသီတွင် သောက်သုံးရေ ခက်ခဲသောမြို့ဖြစ်သည်။ 

 

1

 


နွေရာသီမရောက်ခင်ပင်နွားစာမြက်များ၊ မြေပဲရိုးများ သိုလှောင်ထားလေ့ရှိသော်လည်း မနှစ်က မိုးမကောင်းခဲ့သည့်အတွက် မြေပဲရိုးမရရှိဘဲ နွားစာမြက်လည်း ပိုမိုခက်ခဲလာကြောင်း သိရသည်။  မိုးရွာသွန်းမှု အလွန်နည်းပါးလာခြင်းကြောင့် မြေပဲစိုက်တောင်သူများက စိုက်ပျိုးမှုနည်းပါလာရာ မြေပဲရိုးရရရှိရန် ခက်ခဲလာခြင်းဖြစ်သည်။ 


အလားတူ နွားစာမြက် ရရှိရန်လည်း ပိုမိုခက်ခဲလာကြောင်း နွားစာအစား ထန်းသီးနှင့် ထန်းနို့များသာ ပင်တိုင်နွားစာအဖြစ် ကျွေးကြကြောင်း သိရသည်။ ထန်းသီးနှင့်အတူရောနှောကျွေးရန်အတွက် အင်ကြင်းရွက်၊ ကုက္ကိုရွက်နု၊ ပင်းခံရွက်နု၊ တမာရွက်အကြမ်းနှင့် ညောင်ရွက်များအားခူး ရောကျွေးရကြောင်း၊ အခြားသစ်ရွက်များ နွားစာစဉ်းစက်ဖြင့် စဉ်းကျွေးရသော်လည်း တမာရွက်ကြမ်းအား စဉ်းကျွေး၍မရကြောင်း တမာရွက်နုလျှင်လည်း မစားကြဘဲ တမာရွက်ကြမ်းအား    အရွက်များအတိုင်း ထန်းသီးဖြင့် ရောကြွေးရကြောင်း  ဆည်ကျေးရွာဒေါ်ဝင်းနုက ရှင်းပြသည်။


ငါ့သရောက်မြို့သည် မိုးရေချိန် လက်မ ၂၀ အောက်သာ ရွာသွန်းသောမြို့ဖြစ်ကာ ယခုနှစ်အတွင်း ငါ့သရောက် မြို့နယ်အတွင်းရှိ ရေကန်ကြီးများအားလုံး နွေဦးအစမှာပင် ရေခန်းခြောက်သွားခဲ့သည်။ ရေကန်ပေါင်း(၃၅)ကန် ကျော်ရှိသော်လည်း ရေကန်များအားလုံး ရေခန်းခြောက်သွားခြင်းကြောင့် သောက်ရေသုံးရေ အခက်အခဲ ကြုံတွေ့ခဲ့ရကာ နွားမွေးမြူသူများ ရေကန်ရေမရှိခြင်းကြောင့် ပိုမိုအခက်တွေ့နေရကြောင်း သိရသည်။ 


ငါ့သရောက်မြို့နယ်တွင် နွားမွေးမြူရေး တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာကာ အဓိကလျော့နည်းလာသည့် အကြောင်းမှာ နွားစာမြက်ရှားပါးခြင်းနှင့် ရေကန်များ ရေခန်းခြောက်ခြင်းဖြစ်ကြောင်း၊ နွေရာသီတွင်  နွားမွေးမြူကြသူများ ထန်းသီးများပုတ်ကာကျွေးရခြင်း၊ ဆိတ်မွေးသူများ ရှားသီးခြောက်နှင့် ဇီးသီး၊ ဇီးရွက်များ  ခုတ်ကျွေးခြင်း၊ ပုတ်ကျွေးရခြင်းများဖြင့်သာ မွေးမြူနေရကြောင်းနှင့် ခိုင်းနွားများသာ မွေးမြူကြတော့ကြောင်း ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်မှပြောပြသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)