ငါးသယံဇာတ မပြုန်းတီးရေး ဝိုင်းဝန်းထိန်းသိမ်း

တင်ထက်ထက်ဇော်

လူသားတို့ကျန်းမာရေးအတွက် အရေးပါသောငါး

လူအများစုက ငါးအစားအစာကို ရွေးချယ်မှုနည်းပါးကြသည်။ အမှန်စင်စစ် ငါးစားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာသည့် ကျန်းမာရေးနှင့် ညီညွတ်သောအကျိုးကျေးဇူး မြောက်မြားစွာရရှိ နိုင်ပါသည်။ ထို့ကြောင့် ရက်သတ္တပတ်လျှင် အနည်းဆုံး တစ်ကြိမ် သို့မဟုတ် ရက်ခြား ငါးစားသုံးပေးကြရန် လိုပါသည်။ ငါးတွင် လူသားတို့အတွက် အရေးအပါဆုံး ဓာတ်တစ်မျိုးမှာ ပရိုတင်းဖြစ်သည်။ ငါးဟင်းလျာတစ်ခွက်မှ လူသားတို့ တစ်နေ့တာ လိုအပ်လျက်ရှိသော ပရိုတင်းဓာတ် ၁၅ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါသည်။ ပရိုတင်းဓာတ်သည် ကိုယ်တွင်းအင်္ဂါများ၊ အမှေးပါးများ၊ ဆဲလ်များ၊ ကြွက်သားများနှင့် ထိုက်သင့်သည့် ဖွံ့ဖြိုးကြီးထွားမှုကို ဖြည့်ဆည်းပေး ပါသည်။ ငါးသည်ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အသင့်တော်ဆုံးဖြစ်သည်။

ထို့ပြင် ငါးတွင် သတ္တုဓာတ်များ အများအပြား ပါဝင်သဖြင့် အရိုး၊ သွား၊ လက်သည်း ကျန်းမာရေး အတွက် အရေးပါသော ဖော့စဖိတ်ဓာတ်ကို ရရှိနိုင်ပါသည်။ သုတေသနတွေ့ရှိချက်များအရ ငါးတွင် ဆယ်လီနီယမ်ဓာတ် ပါဝင်နေသဖြင့် ဆီးကျိတ် ကင်ဆာနှင့် နှလုံးရောဂါပြဿနာများကို ကာကွယ်ပေးနိုင်သည်ဟုဆိုထားသည်။ ငါးများတွင် အကျိုးပြု အဆီဓာတ်များပေါများသဖြင့် လူတို့ကိုယ်ခန္ဓာရှိ အဆီဓာတ်များနှင့် မကောင်းသော LDL ကိုလက်စထရောများကို လျော့နည်းစေပါသည်။ နှလုံးသွေးကြောကျဉ်းအပါအဝင် လေဖြတ်ရောဂါများ၊ မျက်စိတိမ်စွဲရောဂါ၊ ဆီးကျိတ်ရောဂါနှင့် ဦးနှောက်ဖောက်ပြန် အယ်လ်ဇိုင်းမားရောဂါတို့ကို လည်း လျော့နည်းကျဆင်းစေပါသည်။ 
    
ထိုမျှမက ငါးတွင် ပိုတက်စီယမ် ပါဝင်မှုကြောင့် ဦးနှောက်သို့ အောက်ဆီဂျင်ပို့လွှတ်မှု အားကောင်းပြီး ခန္ဓာကိုယ်အနှံ့ အရည်ထိန်းဓာတ်ကို ရရှိစေပါသည်။ ဗီတာမင်အီးနှင့် ဗီတာမင်စီတို့လည်း ပါဝင်သဖြင့် အသားအရေကျန်းမာရေးကို အထောက်အပံ့ပြုပါသည်။ ထို့ကြောင့် ငါးစားသုံးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်သည့် ဇီဝကမ္မဖြစ်စဉ်များနှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေသောကြောင့် နေ့စဉ်ဘဝ တွင် ငါးစားဖွယ်သည် အထူးသင့်လျော်ဆုံးဖြစ်ပါသည်။

အရေးပါသောငါးသယံဇာတများ မပြုန်းတီးရေး

မြို့ပြနေပြည်သူများသည် တစ်နေ့တခြား လူဦးရေတိုးပွားလာကြပြီး နေ့စဉ်စားသုံးမှုအတွက် အသား၊ ငါး လိုအပ်ချက် မြင့်မားလာသည်။ လူသားတို့ ရိက္ခာ သား၊ ငါးကဏ္ဍတွင် ငါးသည် ဈေးနှုန်း အသက်သာဆုံးဖြစ်ပါသည်။ ထိုအခါ ကျန်းမာရေးနှင့် မျှတညီညွတ်ပြီး ဈေးနှုန်းသက်သာသည့် ငါးစားသုံးမှု များပြားလာသဖြင့် ပင်လယ်၊ မြစ်၊ ချောင်း၊ ကန်၊ မြောင်းများမှ ငါးဖမ်းယူမှု များပြားလာပြီး ငါးသယံဇာတရှားပါးမှု မလွဲမသွေ ဖြစ်လာနိုင်ပါ သည်။ ထို့ကြောင့် ငါးမွေးမြူဖမ်းဆီးရေးလုပ်ငန်းများကို စနစ်တကျ မှန်မှန်ကန်ကန် ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ 

မြန်မာနိုင်ငံရာသီဥတု၏ မိုးဖြိုင်ဖြိုင်ရွာသော မေ၊ ဇွန်နှင့် ဇူလိုင်လများတွင် မြစ်၊ ချောင်း၊ အင်း၊ အိုင် အနှံ့အပြား၌ ဥများပြည့်နေသော ငါးမကြီးများ၊ မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန် နေရာရှာဖွေ၍ ငါးရစ်တက်ကြရာ အကယ်၍ ယင်းငါးများကို ဖမ်းဆီးလိုက်ပါက ပေါက်ပွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်၊ ငါးသန်များသည် သေကျေပျက်စီးသွားမည် ဖြစ်ပါသည်။ ထိုအခါ တစ်နိုင်ငံလုံး ငါး၊ ပုစွန် ဖူလုံစွာစားသုံးမှုနှင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူမပြုတော့ဘဲ ငါးမျိုးပြုန်းတီးသွားစေနိုင်ပါသည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ၏ ရေကြီးကွင်း၊ ရေနက်ကွင်းများတည်ရှိရာ ဒေသများရှိ ကမ်းဝေး/ ကမ်းနီး ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများနှင့် မြို့မိမြို့ဖတို့အား ငါးသယံဇာတများ မပြုန်းတီးရေး အတွက် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲများကို သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနရုံးများက ကျင်းပပေးလျက်ရှိပါသည်။ အဆိုပါ ဟောပြောပွဲများ၌ မေ၊ ဇွန်နှင့် ဇူလိုင်လများ သည် ငါးရစ်၊ ငါးသန်ကာလဖြစ်ပြီး ငါးများ မိတ်လိုက်၊ ဥချ၊ သားပေါက်သည့် ရာသီချိန်ဖြစ်ကြောင်း၊ အဆိုပါ ရာသီကာလများတွင် တားမြစ်ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးခြင်း၊ ပိုက်စိမ်းဘဝင်းထောင်ခြင်း၊ ဘက်ထရီရှော့ခ်တိုက်၊ မိုင်းခွဲ၊ အဆိပ်ချ၍ ငါးဖမ်းဆီးခြင်း၊ ကမ်းနီးတရွတ်ဆွဲ၍ ငါးဖမ်းဆီးခြင်း၊ ငါးမန်းဖမ်းဆီးခြင်း၊ ငါးမျှားစကြာဖြင့် ငါးဖမ်းဆီးခြင်း၊ သတ်မှတ်အတိုင်းအတာနှင့် မပြည့်မီသော ကဏန်းများဖမ်းဆီးခြင်းတို့ကို မပြုလုပ်ကြရန်နှင့် ထိုသို့ ပြုလုပ်ဖမ်းဆီးပါက ငါးသယံဇာတများ ပြုန်းတီးသွားပြီး နောင်တွင် ငါးသယံဇာတများ ရှားပါးလာမှုများနှင့် ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငါးသယံဇာတများသည် ဂေဟစနစ်ကို ထိန်းသိမ်း ရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ငါးသယံဇာတများ မပြုန်းတီးအောင် လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဟောပြောလျက်ရှိပါသည်။ 

ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် သဘာဝငါးသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရန် ပြည်သူများ လိုက်နာရ မည့် ရေချို၊ ရေငန် ငါးလုပ်ငန်းဥပဒေများ၊ ပြစ်မှု ပြစ်ဒဏ်များနှင့် တားမြစ်ထားသော ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးခြင်းများ မပြုလုပ်ကြရန် စသည့် သတင်းအချက်အလက်များပါဝင်သော မြေစိုက်ပိုစတာများ၊ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးခြင်းမပြုရန် ပညာပေးပိုစတာများ၊ “ငါးသယံဇာတ ထိန်းသိမ်းရေး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေး” စာသားပါ မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် ငါးလုပ်ငန်း ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေပေး လျက်ရှိပါသည်။

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

နိုင်ငံတော် စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံ အနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ အောက်ဖော်ပြပါအချက်များကို ငါး၊ ပုစွန်မွေးမြူရေးကန်များ၌လိုက်နာ ဆောင်ရွက်ကြပါရန် သတိပေးနှိုးဆော်ထားပါသည် -

    -    ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ ရန်အတွက် ကန်ပေါင်ပါးသော၊ နိမ့်သောနေရာ များတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားပါရန်၊

    -    အကယ်၍ ရေကြီးရေလျှံလာပါက ငါးများ လွတ်ထွက်မှု မရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားပါရန်၊

    -    ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှု ကာကွယ်ရန်အတွက် တုတ်ရိုက်ပြီး ဝါး၊ ထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားပါရန်၊

    -    လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန်နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေး ရွှေ့ပြောင်းထားပါရန်၊

    -    သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံး ပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားပါရန်၊

    -    ပုံမှန် အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက် မသွားစေရေး ဆောင်ရွက်ထားပါရန်၊

    -    မွေးမြူရေးကန်၏ ရေထွက်/ ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအား အစဉ်ဂရုတစိုက် စစ်ဆေးနေပါရန်၊

    -    ထူးခြားသည့် အခြေအနေများအား အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ဆက်သွယ် သတင်းပို့နိုင်မည့် နည်းလမ်းများအား ကြိုတင်ပြင်ဆင်ထားပါရန်၊

    -    နိုင်ငံပိုင် ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ်မိုးလေဝသ သတိပေးချက်များနှင့်ပတ်သက်သည့် သတင်း များကို အမြဲဂရုတစိုက် နားထောင်ပါရန်နှင့် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာများတွင် ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်းဆောင်းပါးများအား အမြဲမပြတ် ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက် ဖလှယ်ကြပါရန်၊

    -    ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေ အနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်း ဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီ တောင်းခံကြပါရန်။

အချုပ်အားဖြင့်ဆိုသော် မျက်မှောက်ကာလ လူတန်းစေ့စားသုံးနိုင်သော ငါးဟင်းလျာ၊ အရွယ် အားလုံးအတွက် ကျန်းမာရေးကောင်းမွန်စေသော ငါးအာဟာရ စသည့်အခြေခံအချက်အလက် အထောက်အပံ့ကောင်းများစွာတို့ကြောင့် တိုးပွားလာသော မြန်မာနိုင်ငံ၏ လူဦးရေအတွက် နေ့စဉ် ငါးစားသုံးနိုင်ရေးနှင့် ငါးသယံဇာတများ ပေါများရေးတို့ကို အစဉ်ဂရုတစိုက်ဂရုပြုကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါးသယံဇာတ မပြုန်းတီးရေး၊ အနာဂတ် နိုင်ငံတော်အတွက် တစ်နိုင်ငံလုံး ဖူလုံစွာစားသုံးမှုနှင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှုတို့ကို အထောက် အကူပြုစေရန်အတွက် ငါးဖမ်းလုပ်ငန်းလုပ်ဆောင် သူများက ငါးရစ်ငါးသန်တက်ချိန်ကာလ (သတ်မှတ်ကာလ) များအတွင်း ငါးဖမ်းဆီးမှုကိုမပြုကြဘဲ စည်းကမ်းလိုက်နာနိုင်ကြမည်ဆိုပါလျှင် အနာဂတ် ငါးသယံဇာတကို  ထိန်းသိမ်းကာကွယ်ရာ ရောက်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။  ။