ငါးသယံဇာတများကို ထိန်းသိမ်းရန် ငါးမဖမ်းရကာလများ သတ်မှတ်ထား

မကွေး   ၁၉   မေ 

 

ဂေဟစနစ်နှင့် အစာကွင်းဆက်များအဖြစ် လူသားတို့ကိုအကျိုးပြုနေသော ငါးသယံဇာတများကို ထိန်းသိမ်းနိုင်ရန်အတွက် ငါးမဖမ်းရကာလများ သတ်မှတ်ထားပြီး ကြီးကြပ်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။    

 

ဒေသရေချိငါးများဖြစ်သည့် ငါးရစ်ငါးသန်ငါးများကို မေလမှ ဇူလိုင်လကုန်အထိ၊ ကပ်သလစ်ငါးများကို ဇန်နဝါရီလ မှ သြဂုတ်လအထိ၊ ကျောက်ပုဇွန်၊ ကင်းပုဇွန်များကို ဧပြီလမှ ဇွန်လကုန်အထိ ဖမ်းဆီးခြင်းမပြုရန်ပိတ်ပင်ထားပြီး ငါးအမျိုးအစားအလိုက် ငါးများပေါက်ဖွားသည့်အချိန်၌ တားမြစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

 

“ ခုအချိန်က ငါးရစ်ငါးသန်ကာလ မျိုးတွေနဲ့ပြည်နေတဲ့ငါးတွေ၊ ဥတွေနဲ့ပြည့်နေတဲ့ငါးမကြီးတွေ သားပေါက်တဲ့ ရာသီအစဖြစ်ပါတယ်။ အဲ့ဒါကြောင့် ငါးရစ်ငါးသန်ကာလငါးဖမ်းဆီးမှုမရှိစေရေးအတွက် နှစ်စဉ်စီမံချက် ရေးဆွဲဆောင်ရွက်နေပါတယ် ” ဟု မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးလှိုင်မြင့်က ပြောသည်။

 

၂၀၁၈ခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း တိုင်း၊ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများ၌ ငါးသယံဇာတထိန်းသိမ်းကြီးကြပ်ရေကော်မတီများ ဖွဲ့စည်းနိုင်ခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ NGO နှင့် CSO များဖြင့် အားဖြည့်ဖွဲ့စည်းထားကြောင်း၊ ကျေးရွာများတွင် ငါးသယံဇာတဆိုင်ရာ အသိပညာပေးပွဲများ လတ်တလောလုပ်ဆောင်နေပြီး မြစ်ကမ်းဘေးများ၌ အသိပညာပေးဆိုင်းဘုတ်များလည်း စိုက်ထူပေးထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၈ခုနှစ်အတွင်း တရားမဝင် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှု(ပိုင်ရှင်မဲ့ပစ္စည်းများသိမ်းဆည်းထားမှု) ၂၇မှုရှိကြောင်းသိရပြီး ဘက်ထရီရှော့တိုက်ခြင်း၊  အဆိပ်ခတ်ခြင်း၊ ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုခြင်း၊ ခွင့်ပြုထားသည့် ပိုက်အရွယ်အစားထက် သေးငယ်သောပိုက်များအသုံးပြုခြင်း၊ တရားမဝင်နှင့် ငါးမဖမ်းရ ကာလစည်းကမ်း ချိုးဖောက်ခြင်းများကို သက်ဆိုင်ရာကော်မတီများမှ စောင့်ကြည့်အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)

 

e IMG_