နီပေါလေယာဉ်အပျက်အစီးမှ ရုပ်အလောင်း ၁၆ လောင်းဆယ်ယူ

နီပေါလေယာဉ်အပျက်အစီးမှ ရုပ်အလောင်း ၁၆ လောင်းဆယ်ယူ

ပိုခါရာ(နီပေါ) မေ ၃၀

မေ ၂၉ ရက်အစောပိုင်းက ဟိမဝန္တာတောင်တန်းဒေသတွင် ခရီးသည် ၂၂ ဦးနှင့်အတူ ပျက်ကျခဲ့ပြီး တောင် စောင်းတစ်ခုတွင် ပြန့်ကျဲနေသောလေယာဉ်အပျက်အစီးမှ ရုပ်အလောင်း ၁၆ လောင်းကို နီပေါကယ်ဆယ်ရေး သမားများက ယနေ့ဆယ်ယူခဲ့ကြောင်း သိရသည်။

တာရာလေကြောင်းလိုင်းကုမ္ပဏီပိုင် အင်ဂျင်စက်နှစ်လုံတပ်ဆင်ထားသည့်အဆိုပါလေယာဉ်သည် မေ ၂၉ ရက် အစောပိုင်းက နိုင်ငံ၏ အနောက်ဘက်ပိုခါရာမြို့မှ ရေပန်းစားသောခြေကျင်တောင်တက်ခရီးကြမ်းနေရာတစ်ခု ဖြစ်သည့်ဂျွမ်ဆွမ်မြို့သို့ ဦးတည်ထွက်ခွာခဲ့ပြီးနောက်မကြာမီ လေယာဉ်အသွားအလာထိန်းချုပ်ရေးစင်တာနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။  

 နီပေါစစ်ဘက်နှင့် ပုဂ္ဂလိကကုမ္ပဏီများသည် ရဟတ်ယာဉ်များကိုအသုံးပြုပြီး ခြေလျင်ဖြင့်သွားသောအဖွဲ့များ၏ အကူအညီဖြင့် ဝေလံခေါင်သီသော တောင်တန်းဒေသတွင် ပျောက်ဆုံးလေယာဉ်အား ပိုက်စိပ်တိုက်ရှာဖွေရန် ဆိုးရွားသောရာသီဥတုကို အလျှော့မပေးဘဲ မေ ၂၉ ရက်တစ်နေကုန် ရင်ဆိုင်ခဲ့ရသော်လည်း ညပိုင်းရောက်လာ သည့်အတွက် အသီးအပွင့်မရသောရှာဖွေမှုလုပ်ငန်းကို ရပ်ဆိုင်းခဲ့သည်။

မေ ၃၀ ရက်တွင် ရှာဖွေရေးလုပ်ငန်းကို ပြန်လည်စတင်ခဲ့ပြီးနောက် နီပေါတပ်မတော်က တောင်စောင်းတစ်ခုတွင် ပြန့်ကျဲနေသော လေယာဉ်၏ မှတ်ပုံတင်နံပါတ် 9N-AET ပါရှိသည့် အတောင်ပံတစ်ခုအပါအဝင် လေယာဉ်အစိတ် အပိုင်းများနှင့် အခြားအပျက်အစီးများကို လူမှုမီဒီယာတွင် မျှဝေခဲ့သည်။

လက်ရှိအချိန်အထိ ရုပ်အလောင်း ၁၆ လောင်းကို ဆယ်ယူထားပြီး ကျန်ခြောက်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေလျက်ရှိသည်။လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူရှိဖို့ အခွင့်အလမ်းနည်းပေမယ့် သူတို့ကိုရှာတွေ့ဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းနေပါတယ်" ဟု မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီယိုချန်ဒရာလားလ်ကန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

နီပေါတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လမ်းပြများနှင့် ဒေသခံများအပါအဝင် လူ ၆၀ ခန့်သည် အခင်း ဖြစ်ပွားသည့်နေရာတွင် ရှာဖွေမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် မူစတန်ခရိုင်၊ သာဆန်မြို့ ဆာနိုဝေးဒေသ၌ ပင်လယ်ရေမျက်နှာပြင်မှအမြင့် ပေ ၁၄၅၀၀ ခန့်တွင် မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ပိုခါရာလေဆိပ်ပြောရေးဆိုခွင့်ရှိသူ ဒက်ဗ်ရာ့ဂျ်ဆူဘီဒီက ပြောကြားသည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ