နီပေါနိုင်ငံ၏ လျှပ်စစ်ကားများ တင်သွင်းမှု သုံးဆနီးပါး မြင့်တက်

 

ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၂၅

 

နီပေါနိုင်ငံ၏ လျှပ်စစ်မော်တော်ကား တင်သွင်းမှုသည် ဇူလိုင်လလယ်မှစတင်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမ ငါးလတာကာလအတွင်း သုံးဆနီးပါး မြင့်တက်လာခဲ့ကြောင်း နီပေါနိုင်ငံ အကောက်ခွန်ဦးစီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ဒီဇင်ဘာလလယ်တွင် လျှပ်စစ်ကား စုစုပေါင်း အစီးရေ ၃၆၈၆ စီး တင်သွင်းခဲ့ပြီး ယခင်ဘဏ္ဍာနှစ်  အလားတူကာလ အတွင်း တင်သွင်းမှု အစီးရေသည် ၁၃၅၃ စီးရှိခဲ့ကြောင်း  အဆိုပါအကောက်ခွန်ဦးစီး ဌာန၏ စာရင်းများအရ သိရသည်။  ၎င်းတို့အနက် ၂၂၉၇ စီးကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နီပေါနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ကား  အစီးရေ ၄၀၅၀  တင်သွင်းခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ၁၈၀၇ စီး တင်သွင်းခဲ့ကြောင်း  နီပေါနိုင်ငံ အကောက်ခွန်ဦးစီးဌာနက ပြောကြားသည်။

 

နီပေါနိုင်ငံသို့ တင်သွင်းလာသည့် လျှပ်စစ်ကားများသည် ပုဂ္ဂလိကခရီးသည်တင်ယာဉ် ရောင်းချရမှုအားလုံး၏ ၉၀  ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် လေးဘီးတပ် အများပြည်သူခရီးသည်တင်ယာဉ် ရောင်းချမှု၏ ၆၀ ရာခိုင်နှုန်းအထိ ပါဝင် မည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်