နိုက်ဂျီးရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရပြီလို့ ကျန်းမာရေးဝန်ကြီး သတိပေး

၁၁ ဒီဇင်ဘာ

နိုက်ဂျီးရီးယား ကျန်းမာရေးဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ များလာတဲ့အတွက် နိုင်ငံဟာ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရပြီလို့ ကြာသပတေးနေ့က သတိပေး လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရောဂါပိုးတွေ့ရှိသူ ၁,၈၄၃ ဦး ရှိပြီး လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှာ ပိုးတွေ့ရှိသူ ၁,၂၃၅ ဦးသာရှိကြောင်း၊ အခုလို ပိုးတွေသူ များလာတဲ့ အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းလို့ ဆိုနိုင်ကြောင်း ဝန်ကြီးက ပြောပါတယ်။

အခုလို ရောဂါပိုးတွေ့ရှိသူ များလာခြင်းဟာ မျက်နှာဖုံးဝတ်ဆင်သူ နည်းပါးလာခြင်း၊ လက်ဆေးခြင်း လုပ်ဆောင်မှုနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေ စည်းမျဉ်းတွေ လိုက်နာမှုနည်းပါလားခြင်း တို့ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးရရှိခဲ့ရင် ကျန်းမာရေးလုပ်သားတွေနဲ့ စိုးရိမ်ရတဲ့သူတွေကို ဦးစားပေးထိုးနှံပေးသွားမှာလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ရောဂါကူးစက်မှု ကျဆင်းခဲ့တဲ့ အတွက်ပိတ်ထားခဲ့တဲ့ quarantine စင်တာတွေကို ပြန်လည်ဖွင့်မယ်လို့ သိရပါတယ်။

အင်္ဂါနေ့က ပိုးတွေ့ ၆၇၅ ဦးနဲ့ ဗုဒ္ဓဟူးနေ့မှာ ၅၅၀ ဦး တွေ့ရှိကြောင်း နိုက်ဂျီးရီးယား ကူးစက်ရောဂါကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အခုတွေ့ရှိတဲ့ ပမာဏဟာ ငါးလအတွင်း အများဆုံးအရေအတွက် ဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာလဆန်းပိုင်းက နေ့စဉ် ရောဂါပိုးတွေ့ရှိသူ အရေအတွက်မှာ ၂၀၀ အောက်သာ ရှိနေခဲ့ပါတယ်။

ကျန်းမာရေးဌာနရဲ့ တာဝန်ရှိသူတွေက ကျန်းမာရေးအစောင့်ရှောက်မှု အားနည်းခြင်းနဲ့ ပစ္စည်း အလုံအလောက် မရှိခြင်းကြောင့် ဗိုင်းရပ်စ်ရောဂါကူးစက်မှုကို မကိုင်တွယ်နိုင်မှာ စိုးရိမ်နေပါတယ်။

လူဦးရေ သန်း ၂၀၀ နေထိုင်တဲ့ နိုက်ဂျီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရသူ ၇၁,၃၄၄ ဦး ရှိပြီး သေဆုံးသူဟာ ၁,၁၉၀  ရှိကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP