နိုင်ဂျီးရီးယားဘုရားကျောင်းတိုက်ခိုက်မှု၌ လူအစုလိုက်အပြုံလိုက်သေဆုံး 

အာဘူဂျာ ဇွန် ၇

 

နိုင်ဂျီးရီးယားနိုင်ငံ၏ အနောက်တောင်ပိုင်း အွန်ဒိုပြည်နယ်တွင် ဇွန် ၅ ရက်က မည်သူမည်ဝါဟုမသိရသည့် သေနတ်သမားများက ဘုရားရှိးခိုးကျောင်းတစ်ကျောင်း တိုက်ခိုက်ခဲ့ပြီးနောက် ဆုတောင်းဝတ်ပြုသူအစုလိုက် အပြုံလိုက် သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။

 

နိုင်ငံ၏ အနောက်တောင်ဘက် အွန်ဒိုပြည်နယ်၊ အိုဝါမြို့ရှိ ဘုရားကျောင်း၌ ဆုတောင်းဝတ်ပြုနေကြစဉ် ဇွန် ၅ ရက် နံနက်ပိုင်းက တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ် အများအပြားက ဖော်ပြထားသည်။

 

သေနတ်သမားများက ဝတ်ပြုဆုတောင်းသူများအား သေနတ်ဖြင့်မပစ်ခတ်မီ ဘုရားကျောင်း၏ ယဇ်ပလ္လင် အနီးတွင် ဖောက်ခွဲရေးပစ္စည်းများကို ပထမဆုံးဖောက်ခွဲခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြောင်း  အမည်မဖော်လိုသူအစိုးရတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတောင်းဝတ်ပြုသူများအား ကယ်တင်ရန် အခင်းဖြစ်ပွားသည့်နေရာသို့ ချက်ချင်းရောက်ရှိလာပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် အခင်းဖြစ်ပွားသည့်နေရာ၌ သေကြေဒဏ်ရာရရှိသူဦးရေ တွက်ချက်ရန် အခက်အခဲရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှု ခံယူရန် အိုဝါမြို့ရှိ အစိုးရပိုင်ဆေးရုံတစ်ရုံသို့  ချက်ချင်းပို့ဆောင်ထားကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ 

 

အွန်ဒူပြည်နယ်အုပ်ချုပ်ရေးမှူး အာရာကွန်ရင်အာကယ်ဒိုလူက အဆိုပါတိုက်ခိုက်မှုကို အတည်ပြုခဲ့သော်လည်း ယင်းတိုက်ခိုက်မှု၌ အသေအပျောက်ကိန်းဂဏန်းနှင့် တိုက်ခိုက်သူများ၏ အသေးစိတ်အချက်အလက်ကိုမူ မဖော်ပြထားခဲ့ပေ။ 

 

အိုဝါမြို့ရှိ စိန့်ဖရန်စစ်ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် အပြစ်မဲ့ဝတ်ပြုကိုးကွယ်နေသူများအား သတ်ဖြတ်မှုအပေါ် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

 

တစ်ချိန်တည်းမှာပင် ပြည်နယ်အုပ်ချုပ်ရေးမှူးက မြို့တွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ထားသည့်အတွက် တည်တည်ငြိမ်ငြိမ်နေပြီး သတိဝီရယရှိကြရန် ဒေသခံပြည်သူများအား တိုက်တွန်းလိုက်သည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ