နိုင်ဂျီးရီးယားကမ်းခြေအနီး ပြန်ပေးဆွဲခံရသည့် အိန္ဒိယနိုင်ငံသား ၁၈ ဦး ပြန်လည်လွတ်မြောက်

၂၄  ဒီဇင်ဘာ

နယူးဒေလီ ဒီဇင်ဘာ ၂၃ နိုင်ဂျီးရီးယားကမ်းခြေအနီးတွင် ပင်လယ်ဓားပြတို့၏ ပြန်ပေးဆွဲခြင်းခံခဲ့ရသည့် အိန္ဒိယနိုင်ငံသား ၁၈ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က MT Nave constellation သင်္ဘောတစ်စင်းပေါ်မှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့် အိန္ဒိယနိုင်ငံသား ၁၈ ဦး ပြန်လွတ်မြောက်လာမှုကို နိုင်ဂျီးရီးယား ရေတပ်ဖွဲ့နှင့် သင်္ဘောပို့ဆောင်ရေးကုမ္ပဏီက အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများ ဘေးကင်းစွာ ပြန်လည်လွတ်မြောက်လာစေရေး အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း အဘူဂျာရှိ  အိန္ဒိယရဲမင်းကြီးက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံသားများ ပြန်ပေးဆွဲခံရကြောင်း သတင်းရရှိပြီးနောက်တွင် နိုင်ဂျီးရီးယားရှိ အိန္ဒိယမစ်ရှင်အဖွဲ့သည် နိုင်ဂျီးရီးယားအာဏာပိုင်များထံသို့ ချဉ်းကပ်ကာ ဖမ်းဆီးခံရသူများ၏ သတင်းအချက်အလက်အသေးစိတ်ကို ရရှိရန်နှင့် ၎င်းတို့ကို ကယ်ဆယ်နိုင်ရေး အကူအညီတောင်းခံခဲ့သည်။

အာဏာပိုင်များ၏ ဖော်ပြချက်အရ ဟောင်ကောင်အလံလွှင့်ထူထားသည့် စီးပွားရေးလုပ်ငန်းသုံး သင်္ဘောပေါ်မှ ပြန်ပေးဆွဲခြင်းခံရသူ ၁၉ ဦး ရှိပြီး ၎င်းတို့အနက် ၁၈ ဦးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ