နိုင်ဂျီးရီးယားနိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၆၆၂ ဦး သေဆုံး

ဇန်နဝါရီ ၂၄

နိုင်ဂျီးရီးယားနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့မှုကြောင့် လူဦးရေ ၂ ဒသမ ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူပေါင်း ၆၆၂ ဦး သေဆုံးခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ယမန်နေ့က ပြောကြားသည်။

အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ(အင်န်အီးအမ်အေ)၏ညွှန်ကြားရေးမှူးချုပ် မူစတာဖာဟာဘစ်အာမက်က ပြီးခဲ့သည့်နှစ်က နိုင်ငံနေရာအနှံ့အပြားတွင် ရေကြီးမှုများဖြစ်ပွားခဲ့ရာ နေအိမ်နှင့် လယ်ယာမြေဟက်တာပေါင်း ထောင်နှင့်ချီ၍ ပျက်စီးခဲ့ရကြောင်းနှင့် လူပေါင်း ၃၁၇၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း  ယမန်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

 ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပွားသောရေကြီးရေလျှံမှုများသည် နိုင်ဂျီးရီးယားနိုင်ငံသမိုင်းတွင် မကြုံစဖူးဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အာမက်ကဆိုသည်။

အဆိုပါရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၂၄၃၀၄၄၅ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ၃၁၇၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၆၆၂ ဦး သေဆုံးခဲ့ကြောင်း ၎င်းကပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ရာသီဉတုပြောင်းလဲမှုများမြန်ဆန်စွာဖြစ်ပေါ်လာသဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ အကြိမ်ရေများစွာမြင့်တက်လာကြောင်းကိုလည်း လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူး မူဆာဇကာရီက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို