နိုင်ဂျီးရီးယားနိုင်ငံ၌ တရားမဝင်ရေနံချက်စက်ရုံမီးလောင်မှုဖြစ်ပွား အလုပ်သမား ၁၀၀ ကျော်သေဆုံး

အဘူဂျာ  ဧပြီ  ၂၅

 

နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်း အီမိုမြို့ရှိ တရားမဝင် ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲခဲ့ရာ အလုပ်သမား ၁၀၀  ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ယမန်နေ့သတင်းများအရ သိရသည်။

 

ယင်းရေနံချက်စက်ရုံသည်  အီမိုပြည်နယ်နှင့် ရီးဗားပြည်နယ်ကြားရှိ သစ်တောအုပ်အတွင်းတည်ရှိပြီး မီးလောင်ပေါက်ကွဲမှုသည် ဧပြီ ၂၂ ရက် ညသန်းခေါင်ယံအချိန်၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်အထိ သေဆုံးသူ ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကဆိုသည်။

 

အဆိုပါ ရေနံချက်စက်ရုံအနီးဝန်းကျင်၌ အလုပ်သမားများ လုပ်ငန်းခွင်ဝင် ရောက်လျက်ရှိစဉ်  ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အလုပ်သမား ၁၀၀ ကျော် မီးလောင်ကျွမ်းပြီး သေဆုံးခဲ့ရကြောင်း ရေနံ အရင်းအမြစ်ဆိုင်ရာမဟာမင်းကြီး အိုပီချ်ကဆိုသည်။

 

အာဏာပိုင်များက အဆိုပါရေနံချက်စက်ရုံ ပိုင်ရှင်ကို လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိသည်။  ရေနံချက်စက်ရုံပေါက်ကွဲပြီးနောက် မီးခိုးလုံးများ ကောင်းကင်ယံသို့  လွင့်ပျံတက်ခဲ့ကြောင်း  ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာ နယ်မြေများ ကောင်စီ၏ ဥက္ကဋ္ဌ ကောလင်းစ် အာဂျေးက ဆိုသည်။

 

သေဆုံးသူ ၁၀၈ ဦးခန့်ရှိနိုင်ကြောင်းနှင့် ယင်းသို့အဖြစ်ဆိုးကြုံတွေ့မှုအတွက် လွန်စွာဝမ်းနည်းမိပါကြောင်း အာဂျေးက ဆက်လက်ပြောကြားသည်။ အဆိုပါ တရားမဝင်ရေနံချက်စက်ရုံများသည် ရေနံကုမ္ပဏီများပိုင်ဆိုင်သော ပိုက်လိုင်းများမှ ရေနံစိမ်းများကို ပေါင်းခံကန်များအတွင်း စစ်ခံကာ ရေနံထုတ်ကုန်များအဖြစ် ထုတ်ယူလျက်ရှိကြောင်း သိရသည်။

 

နိုင်ဂျီးရီးယားနိုင်ငံ၌ ရေနံပိုက်လိုင်းဖျက်ဆီးမှုနှင့် ရေနံခိုးယူမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး  ရေနံ ကုမ္ပဏီများအတွက် ငွေကြေးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အောင်ကျော်ကျော်