နိုင်ဂျီးရီးယားနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် ၁၉ ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိ

စက်တင်ဘာ ၁၉

 

နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့တော်တွင် ယာဉ်သုံးစီးမတော်တဆဖြစ်ပွားမှုကြောင့် ၁၉ ဦး ထက်မနည်းသေဆုံးပြီး အခြားရှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲအဖွဲ့က ပြောကြားသည်။

 

မြို့တော်အဘူဂျာ၏ဆင်ခြေဖုံးရှိ ယန်ဂိုဂျီ-ဂါဂါလာဒါလမ်းပေါ်တွင် ထရပ်ကားတစ်စီးနှင့် ဘတ်စ်ကားနှစ်စီးတို့ တိုက်မိခဲ့သည်ဟု လမ်းဘေးကင်းလုံခြုံရေးအဖွဲ့ခေါင်းဆောင် ဒူဒါဘီယူက ဆိုသည်။

 

အဆိုပါယာဉ်သုံးစီးသည် အရှိန်လွန်မောင်းနှင်ခြင်းနှင့်ကျော်တက်မောင်းနှင်ရာတွင်အရှိန်မထိန်းနိုင်ခြင်းတို့ကြောင့် တိုက်မိပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဘီယူကပြောကြားသည်။

 

ထိုယာဉ်မတော်တဆမှုကြောင့် သေဆုံးသူများမှာ မီးလောင်ကျွမ်းသေဆုံးခြင်းဖြစ်သဖြင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ၎င်းကထပ်လောင်းပြောသည်။

 

နိုင်ဂျီးရီးယားနိုင်ငံတွင် လမ်းများဆိုးရွားခြင်း၊ ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းနှင့် ဝန်ပိုတင်ဆောင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို