နိုင်ဂျီးရီးယားနိုင်ငံရှိ ဆောက်လုပ်ဆဲအဆောက်အအုံ ပြိုကျမှုကြောင့် ခြောက်ဦးသေဆုံး

ဖေဖော်ဝါရီ ၂၈

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Anambra ဒေသရှိ Odu-Igbo ဈေးတွင် ဖေဖော်ဝါရီ ၂၆ ရက်ညပိုင်းက ဆောက်လုပ်ဆဲအဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၀ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါအဆောက်အအုံပြိုကျမှုတွင် အခြားသောအသက်ရှင်ကျန်နေသူများအား ရှာဖွေကယ်ဆယ်မှုလုပ်ဆောင်လျက်ရှိကြောင်း အမျိုးသားအရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးအေဂျင်စီက ယမန်နေ့က ပြောကြားသည်။ ထိုပြိုကျအဆောက်အအုံသည် အစိုးရအဖွဲ့၏ခွင့်ပြုချက်မရှိပဲ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု Anambra ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။ အဆောက်အအုံဆောက်လုပ်ရာတွင် စံချိန်စံနှုန်းမမှီသောပစ္စည်းများအသုံးပြုခြင်းနှင့် သက်တမ်းရင့်အဆောက်အအုံများရှိခြင်းတို့ကြောင့်နိုင်ဂျီးရီးယားနိုင်ငံတွင် အဆောက်အအုံပြိုကျမှုဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို