အဘူဂျာ  မတ်  ၁၇

နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူးဘူသည် မတ် ၁၇ ရက်တွင် ဗြိတိန်နိုင်ငံသို့ သမိုင်းဝင် နိုင်ငံတော်ခရီးစဉ်စတင်မည်ဖြစ်ကြောင်း သမ္မတရုံးတာဝန်ရှိသူများက မတ် ၁၆ ရက်တွင် ပြောသည်။ ယင်းမှာ   အာဖရိက၏ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သော   နိုင်ဂျီးရီးယားနိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် နှစ်ပေါင်း ၃၇ နှစ်အတွင်း သွားရောက်သည့် ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း သိရသည်။

သမ္မတပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်အရ တတိယမြောက် ချားလ်ဘုရင်နှင့် မိဖုရား ကာမီလာတို့၏ ဖိတ်ကြားချက်အရ တီနူးဘူနှင့် ၎င်း၏ ဇနီးတို့ကို မတ် ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဝင်ဆာရဲတိုက်၌ ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် ဝင်ဆာ ရဲတိုက်၌  ဗြိတိန်ဘုရင်၏  ကြိုဆိုဧည့်ခံမှုကိုရရှိသည့်  ပထမဆုံး နိုင်ဂျီးရီးယားခေါင်းဆောင်လည်း ဖြစ်လာမည်ဖြစ်သည်။

ဝင်ဆာရဲတိုက်တွင် ခေါင်းဆောင်နှစ်ဦးသည် နိုင်ဂျီးရီးယားနိုင်ငံနှင့်ပတ်သက်သည့် တော်ဝင်စုဆောင်းမှုဆိုင်ရာပြပွဲကို လှည့်လည်ကြည့်ရှုကြမည်ဖြစ်ကြောင်း၊ ထို့နောက် သီးသန့်ဆွေးနွေးပွဲများ  ပြုလုပ်သွားမည်ဖြစ်ပြီး ဘာသာပေါင်းစုံအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တီနူးဘူသည် အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် ကီယာစတာမာနှင့်လည်း  တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။     

ဆင်ဟွာ