နိုင်းမြစ်ဝှမ်းပေါ်က အငြင်းပွားပုစ္ဆာ

ကလျာမိုးမြင့်

 

အီသီယိုးပီးယားနိုင်ငံဟာ Grand Reniassance လို့ခေါ်တဲ့ ရေကာတာကို တည်ဆောက်နေဆဲဖြစ်ပြီး လာမယ့်နှစ်မှာ ရေကာတာပြီးစီးတဲ့အခါ အဲဒီရေကာတာဟာ အာဖရိကရဲ့ အကြီးဆုံးရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ။

ရေကာတာကို ၂၀၁၁ ခုနှစ်ကတည်းက အီသီယိုးပီးယားမြောက်ပိုင်း တောင်ပေါ်ဒေသရဲ့ Blue Nile မြစ်လက်တက်ပေါ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ နိုင်းမြစ်ရဲ့ ၈၅ ရာခိုင်နှုန်းက ဒီနေရာကနေ စီးဆင်းတာဖြစ်ပါတယ်။ သို့သော်လည်း ရေကာတာကြီးဟာ အီဂျစ်နဲ့ အီသီယိုးပီးယားနိုင်ငံအကြားမှာ အငြင်းပွားစရာတစ်ခုအနေနဲ့ ရှိနေခဲ့ပြီး အဲဒီကြားမှာ ဆူဒန်ကလည်း ကြားညပ်နေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ လက်ရှိမှာ ဒီကိစ္စကို ကူညီပြီး ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဘာကြောင့်အငြင်းပွား

အီဂျစ်နဲ့ အီသီယိုးပီးယား နှစ်နိုင်ငံအကြား အငြင်းပွားစရာတစ်ခုအနေနဲ့ ဖြစ်လာတာကတော့ အဲဒီရေကာတာကို ရေဖြည့်သွင်းမယ့် အစီအစဉ်ကိစ္စဖြစ်ပြီး အီဂျစ်နိုင်ငံက စိုးရိမ်နေတဲ့အချက်က ဒီစီမံကိန်းကြောင့် အာဖရိကရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ နိုင်းမြစ်စီးဆင်းမှုကို အီသီယိုးပီးယားက ထိန်းချုပ်ခွင့်ပေးသလို ဖြစ်သွားမလားဆိုတဲ့ အချက်ဖြစ်ပါတယ်။

ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်မှုကြောင့် ရေတွေကုန်ခမ်း မသွားနိုင်ပါဘူး။ ဒါပေမယ့် ရေလှောင်တမံထဲကို အီသီယိုးပီးယားရဲ့ ရေဖြည့်သွင်းလိုက်တဲ့ အရှိန်ကြောင့် မြစ်ရေစုန်ဆင်းမှုကို သက်ရောက်စေနိုင်တဲ့ အခြေအနေတော့ ရှိပါတယ်။ ရေလှောင်တမံထဲကို ရေဖြည့်သွင်းချိန် ပိုကြာလေလေ မြစ်ရေအပေါ် သက်ရောက်မှုနည်းပါးလေလေဖြစ်ပါတယ်။ ဒီကိစ္စကို အီသီယိုး ပီးယားနိုင်ငံကခြောက်နှစ်အတွင်း အပြီးလုပ် ဆောင်ချင်နေခဲ့တာပါ။

အချိန်ယူဖို့ ကမ်းလှမ်း

အီသီယိုးပီးယား ရေအရင်းအမြစ်ဝန်ကြီး ဆယ်လီရှီ ဘီကီလီက ကျွန်ုပ်တို့အနေနဲ့ ရေဖြည့်သွင်းမှုကို လာမယ့်နှစ် မိုးရာသီမှာ စတင်လုပ်ဆောင်ဖို့ စီစဉ်နေပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာမှာ တာဘိုင်နှစ်ခုနဲ့ စွမ်းအင်ထုတ်လုပ်မှု စတင်လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်နိုင်ငံက အဲဒီအစီအစဉ်အတွက် ၁၀ နှစ် အချိန်ယူပြီးလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလို အချိန်ယူခြင်းက အထူးသဖြင့် ရေလှောင်တမံထဲကို ပထမဆုံးရေဖြည့်သွင်းတဲ့ အဆင့်မှာ ရေမျက်နှာပြင် ကျဆင်းသွားဖို့ မရှိနိုင်ဘူးလို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။

ရေကာတာ လည်ပတ်ဆောင်ရွက်သွားမယ့်ကိစ္စနဲ့ ရေလှောင်တမံထဲ ရေဖြည့်သွင်းမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး အီဂျစ်၊ ဆူဒန် နဲ့ အီသီယိုးပီးယားနိုင်ငံတွေရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှုဟာ လေးနှစ်ကြာမြင့်ခဲ့တဲ့အချိန်အတွင်း ဘာမှထူးထူးခြားခြားတိုးတက်မှု မရရှိခဲ့တဲ့နောက် ယခုလက်ရှိမှာ အဖြေတစ်ခုခု ထွက်ပေါ်လာဖို့ အမေရိကန်က ကြားဝင်စေ့စပ် ညှိနှိုင်းပေးဖို့ လုပ်နေတဲ့ အနေအထားဖြစ်ပါတယ်။

မကျေမချမ်းဖြစ်နေတဲ့အီဂျစ်

ရေကာတာတည်ဆောက်တဲ့ကိစ္စမှာ ဘာကြောင့် အီဂျစ်နိုင်ငံက စိတ်ကသိကအောက် ဖြစ်နေသလဲဆိုတာကို လေ့လာကြည့်လိုက်တော့ အီဂျစ်ဟာ နိုင်ငံ့ရေအရင်းအမြစ်ရဲ့ ၈၅ ရာခိုင်နှုန်းကို နိုင်းမြစ်အပေါ်မှာ မှီခိုအားထား နေရတယ်ဆိုတဲ့အချက်ကို တွေ့ရပါတယ်။

အီဂျစ်နိုင်ငံက သမိုင်းအစဉ်အလာတစ်လျှောက် စွဲမြဲစွာဆုပ်ကိုင်လာခဲ့တဲ့ ခံယူချက်တစ်ခုက ရေရှားပါးမှုဖြစ်ပေါ်နေတဲ့ နိုင်ငံတစ်ခုအတွင်းမှာ နိုင်းမြစ်ရေ အလျဉ်မပြတ် တည်ငြိမ်စွာစီးဆင်းမှုဟာ သေရေးရှင်ရေးသဖွယ် အရေးကြီးလှတဲ့ ကိစ္စတစ်ခုဖြစ်တယ် လို့ ခံယူထားခြင်းပါပဲ။

ဗီတိုအာဏာရှိသူ ၁၉၂၉ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ အီဂျစ်နဲ့ ဆူဒန်နိုင်ငံတွေကို နိုင်းမြစ်ရဲ့ ရာနှုန်းပြည့်နီးပါးအတွက် ဘုံဆိုင်အခွင့်အရေး ပေးအပ်ထားပါတယ်။ ကိုလိုနီခေတ်က ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်က နိုင်းမြစ်ရဲ့ ရေဆန်ပိုင်းမှာရှိနေတဲ့ နိုင်ငံတွေက ရေးဆွဲလာတဲ့ စီမံကိန်းတွေ အထူးသဖြင့် အီဂျစ်ရဲ့ ရေအရင်းအမြစ် ခွဲတမ်းရရှိထားမှုကို ထိခိုက်လာစေနိုင်တဲ့ ဘယ်လိုစီမံကိန်းမျိုးကိုမဆို ဆုံးဖြတ်စီမံနိုင်ခွင့်ရှိတဲ့ ဗီတိုအာဏာကိုပါ ပေးအပ်ထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အီဂျစ်ကို သွေးတိုး စမ်းသလို ဖြစ်လာစေခဲ့တာကတော့ အီသီယိုး ပီးယားနိုင်ငံက ၎င်းတို့အနေနဲ့ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်တဲ့ သဘောတူညီမှုနဲ့ ထပ်ပြီးချည်နှောင်ခံမနေသင့်တော့ဘူး။ လုပ် စရာရှိတာကို ရှေ့ဆက်လုပ်သွားချင်တယ် ဆိုပြီး ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေး စတင်ချိန်မှာ အီဂျစ်နိုင်ငံနဲ့ ဘာမှတိုင်ပင်ညှိနှိုင်းမှု မရှိဘဲ ရေကာတာတည်ဆောက်မှုကို စတင်ခဲ့ရာကနေ အီဂျစ်နိုင်ငံကို ယမ်းပုံမီးကျ ဒေါပွစေခဲ့ပါတော့တယ်။ ။

သယ်ယူပို့ဆောင်ရေးထိခိုက်လာနိုင်

မြောက်အာဖရိကနိုင်ငံရဲ့ အဓိကစိုးရိမ် ကြောင့်ကြမှုကတော့ အကယ်၍ ရေစီးဆင်းမှု လျော့ကျသွားရင် နောက်ထပ်မြေရေစုန်မှာ ရှိနေတဲ့ ရေလှောင်တမံတစ်ခုဖြစ်တဲ့ Lake Nasser ကို သက်ရောက်လာစေမှာကို ပူပန် ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အကယ်၍ ရေမျက်နှာပြင် နိမ့်ကျသွားခဲ့ရင် အီဂျစ်နိုင်ငံရှိ နိုင်းမြစ်ပေါ်က သယ်ယူပို့ဆောင်ရေးကို ထိခိုက်လာစေနိုင်သလို ဆည်မြောင်းတွေကနေ ရေသွယ်နေကြရတဲ့ တောင်သူလယ်သမားတွေရဲ့ အသက်မွေးမှုအပေါ် ထိခိုက်လာစေနိုင်တဲ့ ပြဿနာ တစ်ရပ်လည်း ရှိပါတယ်။

ဘာကြောင့် ရေကာတာကြီးဆောက်

အီသီယိုးပီးယားအနေနဲ့ ရေကာတာကြီး ဆောက်လုပ်ချင်နေရတဲ့ ခိုင်လုံတဲ့အကြောင်းပြချက် ကောင်းကောင်းရှိပါတယ်။ အမေရိကန် ဒေါ်လာ လေးဘီလီယံတန်ဖိုးရှိတဲ့ ရေကာတာ စီမံကိန်းဟာ အီသီယိုးပီးယားနိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ စိတ်ကူးအိပ်မက်မျှော်လင့်ချက်တွေရဲ့ နှလုံးသည်းပွတ်တစ်ခုပါပဲ။ ရေကာတာဆောက်လုပ် ပြီးစီးသွားရင် လျှပ်စစ်ဓာတ်အားပမာဏ ၆၀၀၀ မီဂါဝပ်ကို ထုတ်လွှတ်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။

အီသီယိုးပီးယားနိုင်ငံဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ဆိုးဆိုးရွားရွားကြုံတွေ့ရတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းဟာဆိုရင် ဓာတ်အားလိုင်းသွယ်တန်းမှု မရရှိပါဘူး။ ထုတ်ပေးမယ့်စွမ်းအင်ဟာ နိုင်ငံသားတွေသုံးစွဲဖို့ လုံလောက်နိုင်ပြီး ပိုလျှံတဲ့ဓာတ်အားကို အိမ်နီးချင်းတွေဆီ ရောင်းချဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် အီသီယိုးပီးယားဟာ ရေကာတာကိစ္စကို အချုပ် အခြာအာဏာဆိုင်ရာ အရေးကြီးကိစ္စသဖွယ် မှတ်ယူထားပါတယ်။ ။

ဘယ်သူတွေအကျိုးရှိမလဲ

ရေတာကာစီမံကိန်းမှာ ပြည်ပကငွေကြေး ထည့်ဝင်မှုအပေါ် မှီခိုအားထားခြင်းမရှိဘဲ အစိုးရရဲ့ ရန်ပုံငွေနဲ့ ပုဂ္ဂလိကရန်ပုံငွေအပေါ် မှာပဲ အမှီပြုထားတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ပြည်ပက ကြားဝင်စွက်ဖက်လာမှု မရှိဖို့လည်း အထူးသတိထားဟန်ရှိပါတယ်။ ရေကာတာ တည်ဆောက်မှု အောင်မြင်ဖြစ်မြောက်ခဲ့ရင် တော့ အဲဒီကနေ ထုတ်ပေးမယ့် ဓာတ်အား ကြောင့် အကျိုးဖြစ်ထွန်းလာဖွယ်ရှိတဲ့ အိမ်နီး ချင်းနိုင်ငံတွေကတော့ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ ဆူဒန်၊ တောင်ဆူဒန်၊ ကင်ညာ၊ ဂျီဘူတီနဲ့ အီရီ ထရီးယားနိုင်ငံတွေပါပဲ။

အီသီယိုးပီးယားက ရေကာတာကြီးတည် ဆောက်မယ့် အစီအစဉ်မှာလက်လျှော့သွားမယ့် အရိပ်အယောင်ကို မမြင်ရတာကြောင့် နိုင်းမြစ်အရေးမှာ ဗီတိုအာဏာရှိသူအဖြစ် ခံယူထားတဲ့ အီဂျစ်နိုင်ငံအတွက် ခေါင်းခဲစရာအနေအထားတစ်ခုကို တွေ့နေရပါတယ်။ ဒီကိစ္စမှာ အမေရိကန်က ဘယ်လိုပုံစံမျိုးနဲ့ ကြားဝင်စေ့စပ်ညှိ နှိုင်းပေးမလဲဆိုတာကို မသိရသေးပါဘူး။ ။

ကိုးကား- ဘီဘီစီ