နိုင်ငံအနာဂတ်နှင့် ဂုဏ်ပြုရမည်ပြည်သူ

နိုဝင်ဘာ ၁၁

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနက် တက်တက်ကြွကြွ နိုးနိုးကြားကြား တာဝန်ကျေပွန်စွာ ပါဝင်ခဲ့ကြသော အဓိကကျသည့် ပြည်သူလူထုအပေါင်းတို့ကို ဦးစွာဂုဏ်ပြ ကျေးဇူးတင်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အားလုံးနှင့် ပါဝင်ကူညီဆောင်ရွက်ကြသော အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရမည်ဖြစ်သည်။

 

အမှန်တကယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်ကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်နေသောကာလဖြစ်၍ ရောဂါနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနေသောကြောင့် ရွေးကောက်ပွဲ အောင်မြင်ရေးတွင် အခက်အခဲများစွာ ရှိခဲ့သည်။ လက်တွေ့တွင် မဲရုံများ၌ ရွေးကောက်ပွဲများကို ကိုဗစ်-၁၉ ကျန်းမာရေး စည်းမျဉ်းများနှင့်အညီ ပြုလုပ်နိုင်ခဲ့ကြပြီး ပြည်သူလူထုမှာလည်း ညွှန်ကြားထားသည့် အချက်များကို အလေးထားလိုက်နာခဲ့ကြသည်။

 

အဓိကမှာ ပြည်သူလူထုသာလျှင် အဓိကဖြစ်ပြီး ပြည်သူမပါလျှင် မည်သည့်အရာမျှ အောင်မြင်နိုင်မည်မဟုတ်ဟု ဆိုသည့်အတိုင်း ပြည်သူလူထုသည် မည်သည့်အခြေအနေဖြစ်ဖြစ် ရွေးကောက်ပွဲသာ အဓိကဖြစ်ခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ပြည်သူလူထုကို ဦးစွာကျေးဇူးတင်ရမည် ဖြစ်သည်။ ပြည်သူလူထုသည် ရွေးကောက်ပွဲကို အထူးစိတ်ဝင်စားခဲ့၊ ရွေးကောက်ပွဲတွင် တက်တက်ကြွကြွ အလေးထားပါဝင်ခဲ့သည်မှာ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် တရားမျှတမှု၊ မှန်ကန်မှု၊ စစ်မှန်မှု၊ ပြည်သူကို တန်ဖိုးထားမှုတို့ မပျောက်ဆုံးဘဲ ဆက်လက် ထွန်းကားရေးကို လိုလားသောကြောင့် အလေးအနက်ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

 

ဤသည်မှာ လုံးဝမှန်ကန်သော အမှန်တရားဖြစ်သည်။ စစ်မှန်သော အမှန်တရားကို လူတိုင်းလက်ခံကြသည်။ ဤအောင်မြင်မှုအတွက်၊ ဤဒီမိုကရေစီ ဆက်လက်ရှင်သန်မှုအတွက် အားလုံးကောင်းချီးသြဘာ ပေးခဲ့ကြသည်။ ဂုဏ်ပြုချီးကျူးထောမနာ ပြုခဲ့ကြသည်။ အဓိကမှာ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲခဲ့ကြသော မြန်မာနိုင်ငံမှ မြန်မာပြည်သူ ပြည်သားများအား ဦးတည်ခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့ ပြည်သူများသို့ အစီရင်ခံ တင်ပြသည့်မိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကိုဗစ်-၁၉ ရောဂါကြားမှ ရွေးကောက်ပွဲများ အောင်အောင်မြင်မြင် ဖြစ်မြောက်အောင်လုပ်ပေးကြသည့် ပြည်သူလူထုအားလုံးအား ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ပြည်သူများကိုယ်တိုင် ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်ပေါက် လာမည်ဖြစ်၍ တာဝန်ရှိပုဂ္ဂိုလ်အားလုံး ပူးပေါင်းဆောင်ရွက်ကာ ပိုမိုပြည့်စုံကောင်းမွန်သည့် ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

ထို့အပြင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပါတီအဖွဲ့အစည်း အသီးသီးတို့က ရွေးကောက်ပွဲနှင့်ပတ်သက်၍၊ ပြည်သူလူထုနှင့် ပါဝင်ဆောင်ရွက်ကြသူများနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြု အသိအမှတ်ပြုခဲ့ကြသည်။ နိုင်ငံတော်အပိုင်းမှ ပြည်သူအများ စိတ်ချလုံခြုံစွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရကျိုး နပ်ခဲ့သည်။ ပြည်သူ ပြည်သားများမှာ ကိုဗစ်-၁၉ ရောဂါကိုမမှုဘဲ ရွေးကောက်ပွဲတွင် တက်တက်ကြွကြွ ပါဝင်မဲပေးခဲ့ကြသည်။ ။

 

ရွေးကောက်ပွဲဖြစ်စေ၊ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေ၊ တိုင်းပြည်အတွက် မည်သည့်အရေးကိစ္စတွင်ဖြစ်စေ ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည် အဓိကကျသည်။ ပြည်သူမပါလျှင် မည်သည့်အရာမျှ အောင်မြင်နိုင်မည် မဟုတ်ပေ။ ယခုရွေးကောက်ပွဲကို ပြည်သူလူထုအားဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသော ကိုဗစ်-၁၉ ရောဂါဘေးအန္တရာယ်များနှင့် နိုင်ငံလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များအား ပြည်သူအားလုံးတို့က ရွေးကောက်ပွဲတွင် ပါဝင်သကဲ့သို့ နိုင်ငံတော်နှင့်အတူ လက်တွဲ၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြမည်ဟု မျှော်လင့်ပါသည်။

 

သို့ဖြစ်ရာ ပြည်သူ့ဆန္ဒများကို အမှန်တကယ် ထုတ်ဖော်နိုင်သည့် မဲပေးရွေးချယ်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ရာ မြန်မာပြည်သူ ပြည်သားများအနေဖြင့် ပိုမို၍ ဒီမိုကရေစီ နည်းလမ်းကျသော၊ ပိုမို၍ ငြိမ်းချမ်းသော၊ ပိုမို၍သာယာဝပြောသော အနာဂတ်ဆီသို့ ဆက်လက် လျှောက်လှမ်းနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ