နိုင်ငံအတွင်းမှ လုံခြုံစိတ်ချစွာ ထွက်ခွာသွားနိုင်ရေး အာမခံသည်ဟု တာလီဘန်များ အခိုင်အမာပြော

ကဘူးလ် ဩဂုတ် ၃၁

 

အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ ထွက်ခွာသွားလိုသူများ လုံခြုံစိတ်ချစွာ ထွက်ခွာသွားနိုင်ရမည်ဟု တာလီဘန်များက အခိုင်အမာ ပြောကြားထားသည့် အာမခံချက်ကို ရရှိခဲ့ကြောင်း အမေရိကန် ပြည်ထောင်စုအပါအဝင် အဖွဲ့အစည်းနှင့် နိုင်ငံပေါင်း ၉၀ ကျော် တို့က ပြောသည်။

 

အိမ်ဖြူတော်ကလည်း သြဂုတ် ၂၉ ရက်တွင် ဂျပန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အခြားသော နိုင်ငံများ၊ အဖွဲ့အစည်းများနှင့်အတူ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံအတွင်းမှ ခရီးသွားလာခွင့် ရရှိထားသည့် အာဖဂန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများအားလုံး တိုင်းပြည်အတွင်းမှ လုံခြုံစိတ်ချစွာ ထွက်ခွာခွင့်ရရှိစေရေးအတွက် တာလီဘန်များထံမှ အာမခံချက် ရရှိထားပြီဟု ကြေညာခဲ့ကြသည်။ အာဖဂန် နစ္စတန်ရှိ နိုင်ငံခြားသံရုံးအများအပြားမှာ ပိတ်ထားပြီဖြစ်သည့်အတွက် ဗီဇာလုပ်ငန်းစဉ်အတွက် မည်သို့လုပ်ဆောင်မည်ကို မရှင်းလင်းဟု အချို့သော ကျွမ်းကျင်သူများကပြောသည်။ ဩဂုတ် ၂၆ ရက် ကဘူးလ်မြို့ လေဆိပ်တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွင်း လူပေါင်း ၁၀၀ ကျော် အသက်ဆုံးရှုံးရပြီးနောက် ကဘူးလ်မြို့တွင် တင်းမာမှုများ ဆက်လက် မြင့်မားနေဆဲဖြစ်သည်။ သြဂုတ် ၂၉ ရက်ကလည်း အမေရိကန်တို့ က ဒရုန်းဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ လေဆိပ်တွင် အကြမ်းဖက်တိုက်ခိုက်မှု ခြိမ်းခြောက်မှု အန္တရာယ်ကို ဖယ်ရှားပေးနိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုပြောသည်။ အမေရိကန်တပ်များ အာဖဂန်နစ္စတန်နိုင်ငံ အတွင်းမှ ထွက်ခွာရမည့် နောက်ဆုံး သတ်မှတ်ရက်မှာ ဩဂုတ် ၃၁ ရက်ဖြစ်သည်။

 

အင်န်အိတ်ချ်ကေ