နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွင် သမဝါယမကဏ္ဍက ပူးပေါင်းဆောင်ရွက်မည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၇

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွင် သမဝါယမကဏ္ဍက ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုအဆင့် လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ကျင်းပသည်။

 

ဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထူထောင်ပြီး နိုင်ငံ့စီးပွားရေး မြင့်မားလာစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် စီးပွားရေးမြင့် တက်လာစေရေးတို့အတွက် ရည်မှန်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပဲတီစိမ်းနှင့်နွေစပါးစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်ဆောင်ရွက်ပြီး တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တောင်သူလယ်သမားအစုအဖွဲ့/ သမဝါယမအသင်းများ၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူများက အဓိကပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်ဘီလီယံ(၁၀၀)ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသအစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၈) ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ (၃) ခုတို့တွင် သမဝါယမအသင်း (၁၅၈) သင်း၊ အသင်းသား (၇၁၇၃) ဦးကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကန်ထရိုက်လယ်ယာ၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု၊ အရောင်းဆိုင်၊ ဆန်စက်နှင့် ဆီစက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျပ် (၁၁ဒသမ၆၇၉) ဘီလီယံခန့် လျာထားဆောင်ရွက်နေသည်ကို သိပါကြောင်း။

 

ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် နိုင်ငံတော်မှ မူဝါဒများ ချမှတ်ဆောင်ရွက်နေပြီး သမဝါယမအသင်းများ ပိုင်ဆိုင်သော ဆီစက်များ တည်ထောင်ပြီးစီးပါက ဆီစက် (၁၅) လုံးအထိ ရှိလာမည် ဖြစ်ပါကြောင်း၊ ဆီစက်တစ်လုံးမှ တစ်ရက်ပျမ်းမျှ ဆီပိသာချိန် (၄၀၀) ဝန်းကျင် ကြိတ်ခွဲ ထုတ်လုပ်နိုင်သည့်အတွက် သမဝါယမအသင်းပိုင် ဆီစက်များမှ တစ်ရက်လျင် စားဆီ ပိသာချိန် (၆၀၀၀) ခန့် ထုတ်လုပ်နိုင်မည်ဖြစ်၍ နိုင်ငံတော်၏ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်ပမှတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုက်နာရမည့် စည်းကမ်းများ တာဝန်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများနှင့် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌတို့က မိမိတို့ သက်ဆိုင် ရာတိုင်းဒေသကြီး ပြည်နယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)