နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေဖို့ ကုန်ထုတ်လုပ်မှုစွမ်းအား မြှင့်တင်စို့

 

 

အောင်ထက်လင်း (ကြိမ်ချောင်း)

 

ကမ္ဘာတစ်ဝန်းရှိဒေသများအားလုံးသည် ၁၉၉ဝ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အကြား ပျမ်းမျှအားဖြင့် လူသားဖွံ့ဖြိုးမှု တိုးတက်လာသော်လည်း လူဦးရေ ၁ ဒသမ ၅ ဘီလီယံနီးပါးတို့မှာ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းတို့တွင် နိမ့်ကျနေခြင်းနှင့်အတူ ဆင်းရဲနွမ်းပါးမှုအခြေအနေ အမျိုးမျိုးအောက်တွင် နေထိုင်ကြရသည်။

 

ကုလသမဂ္ဂအဖွဲ့ဝင်   နိုင်ငံအားလုံးက   ၂ဝ၃ဝ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု၏   အသီး အပွင့်များကို   ညီမျှစွာ ရရှိခံစားနိုင်ရေးအတွက် ဆင်းရဲမွဲတေမှုပပျောက်ရန်၊ ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ရန်နှင့် လူအများငြိမ်းချမ်းမှု နှင့် သာယာဝပြောမှုရရှိစေရန်အတွက်  ထောင်စုနှစ် ရည်မှန်းချက်ပန်းတိုင်များ   လုပ်ဆောင်ရန် ၂၀၁၅ ခုနှစ်တွင်  ထောင်စုနှစ်   ကြေညာစာတမ်းကို စတင်ကြေညာကျင့်သုံးခဲ့သည်။

 

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု

 

ယင်းကြေညာစာတမ်းတွင် ပန်းတိုင် ၁၇ ခုရှိကာ ၎င်းကိုစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်း ချက်များဟု လူသိများသည်။ နိုင်ငံတိုင်း၏ မဟာဗျူဟာ ရည်မှန်းချက်တစ်ရပ်မှာ မိမိတို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများသည် မိမိတို့ နိုင်ငံကိုဆင်းရဲမွဲတေမှု သံသရာမှလွတ်မြောက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်လေ့ရှိသကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများသည်လည်း ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ် စဉ်ဆက်မပြတ်  ရှိနေစေရေးအတွက် ကြိုးစားနေကြသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံတိုင်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)ကို အလေးထား လုပ်ဆောင်လာရသည်။

 

အဆိုပါ ရည်မှန်းချက်ပန်းတိုင်များကို  ၁၅ နှစ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်သွားရန် သတ်မှတ်ခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ အများစုသည် ပန်းတိုင်များကို ဖော်ဆောင်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသဖြင့် လုပ်ငန်းအများစုသည် မပြီးပြတ်ဘဲ  ကျန်ရှိနေခဲ့သည်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလကုန်တွင်  ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံမှပို၍ အသေးစိတ်ကျကာ ပြီးပြည့်စုံသည့် လုပ်ငန်းအစီအစဉ်အဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များကို အကောင်အထည်ဖော်သွားရန် အတည်ပြုခဲ့ကြသည်။ ပန်းတိုင်များသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ ၂၀၃၀ ပြည့်နှစ်အထိ ၁၅ နှစ်ကြာအောင် အကောင်အထည်ဖော်သွားမည့် ကာလရှည် ဖွံ့ဖြိုးရေး လုပ်ငန်းရပ်များဖြစ်သည်။ ကိုဗစ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများ နာလန်ထူရန် နှစ်အတန်ကြာ အချိန်ယူရမည်ဖြစ်ကြောင်း နှင့် အာရှဒေသ စီးပွားရေး တိုးတက်မှုသည် နိုင်ငံများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တုံ့ဆိုင်းသွားစေနိုင်သည့် အကြောင်းရင်းခံများ ဖြစ်သည်။ ကိုဗစ်ကူးစက်ရောဂါ ပျံ့နှံ့မှု၏ နောက်ဆက်တွဲ စီးပွားရေး အကျပ်အတည်းသည် အလုပ်လက်မဲ့များ၊ ဆင်းရဲနွမ်းပါးမှုများဖြစ်ပေါ်စေကာ ကျန်းမာရေး၊ အာဟာရ မပြည့်ဝမှု၊ ရိက္ခာမဖူလုံမှု များကြောင့် နိုင်ငံများ၏ ဖွံ့ဖြိုးမှု ပန်းတိုင်များအတွက် အဟန့်အတားများ ဖြစ်ပေါ်စေခဲ့သည်။

 

 နှစ်အလိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ မြှင့်တင်ရေး

 

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃ဝဝဝ ကျော် ရှိသည့်အနက် နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေအရ တစ်နိုင်ငံလုံး တစ်ပြိုင်တည်းဆောင်ရွက်၍ မရနိုင်သဖြင့် နှစ်အလိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ မြှင့်တင်ရေးကို ဦးစားပေးရွေးချယ်ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဒေသ၏ ကုန်ကြမ်းရရှိနိုင်မှုအပေါ်မူတည်၍ ကျေးရွာတစ်ရွာချင်း ကုန်ပစ္စည်းတစ်မျိုးကို ကျွမ်းကျင်သူအများစုက အရေအတွက်များစွာ ထုတ်လုပ်သည့်လုပ်ငန်းများ၊ ကျေးရွာများကို ဦးစားပေးရွေးချယ်ရမည်ဖြစ်သည်။ နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ ၄ဝဝ လျာထားသတ်မှတ်၍ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ မတည်ထောက်ပံ့ ငွေထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရ သည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်ကုန်များအတွက် ကုန်ကြမ်းရရှိနိုင်မှု အရေးကြီးသကဲ့သို့ ယင်းကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်အတွက် ကုန်ကျစရိတ်များကိုလည်း ကြိုတင်တွက်ချက်ရန် လိုအပ်သည်။ ကျွမ်းကျင်လုပ်သား အလွယ်တကူ မရရှိနိုင်ပါက ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မား မည်ဖြစ်သည်။

 

အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်များက ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအား အခြေအနေများကို သိရှိနိုင်ရေးနှင့် မြန်မာနိုင်ငံအတွင်း ထုတ်လုပ်သည့် အိမ်တွင်းစက်မှုလက်မှု ထွက်ကုန် ပစ္စည်းများကို အားပေး၍ နိုင်ငံခြားမှတင်သွင်းမှု များကို ကန့်သတ်/ ထိန်းချုပ်ပေးရေးဆောင်ရွက်ရန်လည်း လိုအပ်သည်။ သီးနှံထွက်ရှိရာ နေရာများမှ သိုလှောင်မည့်နေရာ၊ ကုန်စည်ဒိုင်နေရာများသို့ ပို့ဆောင်ရန် ကုန်ထုတ်လမ်းများ ကောင်းမွန်ရေး ပိုမိုဆောင်ရွက်ပေးရန် လိုအပ်သည်။ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် MSME လုပ်ငန်းများကို ကောင်းအောင် ဆောင်ရွက်ပြီး နိုင်ငံခြားဝင်ငွေ စီးဝင်လာအောင် ကြိုးစားဆောင် ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိသည်။

 

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း (MSME)များ တိုးတက်အောင်အားပေး၍ ပြည်တွင်း လိုအပ်ချက်ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည် အထိ ကြိုးစားဆောင်ရွက်ရာတွင် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများရွေးချယ်၍ သင်တန်းများပေးကာ လုပ်ငန်းများဆောင်ရွက်ရမည် ဖြစ်သည်။ ဈေးကွက်နှင့်ချိတ်ဆက်၍ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက် ထားရှိကာ သက်ဆိုင်ရာဌာနများ၊ ကျေးလက်နေ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။

 

MSME လုပ်ငန်းများအတွက် ချေးငွေ

 

MSME လုပ်ငန်းများအတွက် ချေးငွေအမျိုးအစားအလိုက် အများဆုံး ကျပ်သန်း ၃၀၀ မှ သန်း ၅ဝဝ အထိ ပြည်တွင်းဘဏ် ၁၁ ဘဏ်မှ ချေးငွေ လျှောက်ထားနိုင်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုချဲ့ထွင် နိုင်ရေးတို့အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီး များရရှိစေရန် MSME ချေးငွေများကို ၂ဝ၁၂ ခုနှစ်မှ စတင်၍ ထုတ်ချေးပေးလျက်ရှိသည်။ MSME လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ ချေးငွေအမျိုးအစားများကို သက်ဆိုင်ရာဘဏ်များသို့ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

 

JICA Two - Step Loan ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်တို့တွင် ချေးယူနိုင်ကြောင်း သိရသည်။ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ထုတ်ချေးသည့် ချေးငွေအစီအစဉ်များအနက် SMIDB (SME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် ၄၅၆ ဦးသို့ ချေးငွေကျပ် ၂၀၆၃၈ သန်း၊ JICA Two-Step Loan (MSME) ချေးငွေအစီအစဉ်မှ လုပ်ငန်း ရှင် ၂ဝ၄၅ ဦးသို့ ချေးငွေကျပ် ၃၆၄၅၃၄ ဒသမ ၁၈ သန်းနှင့် MEB (MSME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် ၃၄၂ ဦးသို့ ချေးငွေကျပ် ၂၅၉၇၇ သန်း ထုတ်ချေးပြီးဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီမှ သိရသည်။

 

နိုင်ငံ့စီးပွားရေးအတွက် အဓိကမောင်းနှင်

 

နိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကို ထောက်ပံ့ကူညီအားပေးပြီး ပြည်တွင်းထုတ်ကုန်များ အဆင့်အတန်း မြင့်မားတိုးတက်လာအောင် ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားရေးလုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက် အဓိကမောင်းနှင် လည်ပတ်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို မြှင့်တင်အားပေး ဆောင်ရွက်လျက်ရှိရာ ဒေသအသီးသီးရှိ အလားအလာကောင်းသည့် ကုန်ကြမ်းများ၊ လယ်ယာ၊ သားငါးထွက်ကုန်များကို နည်းပညာ၊ စက်ပစ္စည်းအကူညီဖြင့် ကုန်ကြမ်း အဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက် မြှင့်တင်နိုင်ရေးတို့ကို အားသွန် ခွန်စိုက်ဆောင်ရွက်ပြီး နိုင်ငံ့ GDP ကိုမြှင့်တင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၂)တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည် ဦးမော့လာရေးအတွက် MSME လုပ်ငန်း များ၏ အခန်းကဏ္ဍသည် များစွာအရေးပါလျက် ရှိသည်။

 

ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံ တင်ထားသည့် လုပ်ငန်းများအနက် MSME လုပ်ငန်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့်လုပ်ငန်း ၄၅၀၀၀ ကျော်ရှိသည်။ အခြားဝန်ကြီးဌာနများတွင် မှတ်ပုံ တင်ထားသောလုပ်ငန်း ၂၅ဝဝဝဝ ကျော်လည်း ရှိသည်။ မှတ်ပုံတင်ထားသည့် MSME လုပ်ငန်းများ ရှင်သန်ရန်နှင့် လုပ်ငန်းများ ပုံမှန်လည်ပတ်စေရန်အတွက် နိုင်ငံတော်အစိုးရက ငွေကြေး အရင်းအနှီး များ ထုတ်ချေးပေးထားပြီး ချေးငွေပေးဆပ်မှု ကာလ ကိုလည်း သက်တမ်းထပ်မံတိုးမြှင့်ပေးထားသည်။ MSME လုပ်ငန်းများသည် စီးပွားရေးတွင် အင်အား ကောင်းပြီး နိုင်ငံ၏ အားသာချက်အပေါ်တွင် အသုံးချနိုင်မည်ဆိုပါက အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်သည်။ အခွင့်အလမ်းအနေဖြင့် ကမ္ဘာ ပေါ်ရှိ နိုင်ငံတိုင်း၏ လိုအပ်ချက်ဖြစ်သော စားသောက်ကုန်ဆိုင်ရာ ထုတ်ကုန်များကို သုံးစွဲသူ အကြိုက် ထုတ်လုပ်ပေးရန် လိုအပ်သည်။ စားသောက်ကုန်ပစ္စည်းများကို အဆင့်အတန်း မြင့်မားသော နည်းပညာများအသုံးပြုပြီး အန္တရာယ် ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ် တီထွင်ထားသည့် သုံးစွဲသူအကြိုက် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ကမ္ဘာ့တန်ဖိုးမြှင့် ကွင်းဆက်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းထုတ်လုပ်မှုကွန်ရက် များသို့ ဝင်ရောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း၍ ဆောင်ရွက်ကြရန် လိုအပ်သည်။

 

ဈေးကွက်သုတေသနနှင့် ဒစ်ဂျစ်တယ်နည်းပညာ

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စားသုံးသူများ၏ အပြုအမူနှင့်လိုအပ်ချက်ပုံစံများ ပြောင်းလဲလာ သည့်အတွက် MSME လုပ်ငန်းများအနေဖြင့် ဈေးကွက်သုတေသနရလဒ်များကို လေ့လာ ဆောင်ရွက်ရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာကို မဖြစ် မနေသုံးစွဲရန် လိုအပ်လာပြီဖြစ်သည်။ MSME လုပ်ငန်းများအနေဖြင့် လက်ရှိအချိန်အထိ ဒစ်ဂျစ်တယ်နည်းပညာများကို ထုတ်လုပ်မှုအပိုင်း၊ ဈေးကွက်မြှင့်တင်ရေးအပိုင်းနှင့် ကုန်သွယ်ငွေလွှဲသည့်အပိုင်းတို့တွင် ကျွမ်းကျင်စွာသုံးစွဲရန် လိုအပ် နေဆဲဖြစ်သည်။ နိုင်ငံတော်အစိုးရက MSME လုပ်ငန်းများ အခွင့်အရေး လက်ဝယ်ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက် ပေးလျက်ရှိသည်။

 

MSME လုပ်ငန်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး မြင့်မား တိုးတက်လာအောင် ကူညီပေးကာ နိုင်ငံ့စီးပွား မြင့်မားတိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များ အရည်အသွေးနှင့် အဆင့်အတန်း မြင့်မားလျှင် ပြည်တွင်းသုံးစွဲရန်သာမက ပြည်ပသို့တင်ပို့ရန်အတွက်ပါ အလျှံပယ် ထုတ်လုပ် ရမည်ဖြစ်သည်။

 

အိမ်နီးချင်းနိုင်ငံများ၏ ထုတ်ကုန်ပစ္စည်း အရည် အသွေးနှင့် အဆင့်အတန်းမှာ မြင့်မားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် လူသုံးကုန်ပစ္စည်း အသေး အမွှားမှအစ ကြီးကြီးမားမားအထိ ယင်းနိုင်ငံများမှ ဝယ်ယူအသုံးပြုလျက်ရှိသည်။ ပြည်တွင်းထုတ်ကုန် တိုးတက်မြှင့်တင်ထုတ်လုပ်နိုင်မှုကြောင့် ယင်းနိုင်ငံများ၏ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်နေပြီး မြန်မာနိုင်ငံအနေဖြင့် ပြည်ပသွင်းကုန်များကို မှီခိုအားထားနေရသောကြောင့် ကုန်သွယ်မှုလိုငွေပြပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့သည်။ တစ်ကမ္ဘာလုံးကြုံတွေ့ခဲ့သည့် ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွား ရေးသည် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပြီး လူတစ်ဦးချင်းဝင်ငွေများလည်း ကျဆင်းသွားခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် တိုက်ရိုက်ထိခိုက်မှုများ ကြုံတွေ့ ခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ ထိခိုက်ခံစားခဲ့ရသည်။ ငွေကြေးအရင်း အနှီးနည်းသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုထိခိုက်ခဲ့ရသည်။

 

နိုင်ငံတကာဈေးကွက်၏ လိုအပ်ချက်

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက်များနှင့် အညီ ကိုက်ညီအောင် ကြိုးပမ်းထုတ်လုပ်ကြရန် လိုအပ်သည်။ ထုတ်ကုန် ပစ္စည်းများကို ဈေးကွက်ဝင်ရေး ဆောင်ရွက်ရာတွင် အရည်အသွေးနှင့် စံချိန်စံညွှန်း ကိုက်ညီရေးသည် အရေးကြီးသည်။ နိုင်ငံတကာ ဈေးကွက်တွင် ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်း များကို ဦးစားပေး၍ အတိအကျ စစ်ဆေးလေ့ရှိပြီး အရည်အသွေး စံချိန်စံညွှန်းနှင့် ကိုက်ညီသော ကုန်ပစ္စည်းများကိုသာ လက်ခံဝယ်ယူလေ့ရှိသည်။ ကမ္ဘာပေါ်တွင် ရောဂါအမျိုးမျိုး ထူပြောလာသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးပြည့်မီသော စားသောက်ကုန်များကို ရွေးချယ်စားသောက် ကြသည့် လူနေမှုပုံစံသစ်သို့ ပြောင်းလဲလာ သည်ကို တွေ့ရမည်ဖြစ်သည်။ စားသောက်မှုပုံစံများ ပြောင်းလဲလာမှုအရ လတ်ဆတ်သည့်အသီးအနှံ၊ သားငါးထုတ်ကုန်များကို ဝယ်ယူစားသောက်ကြ သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်နေသော အခြေခံ စားသောက်ကုန်များကို စတင်ထုတ်သည့်အချိန်မှစ၍ တန်ဖိုးမြှင့် စားသောက်ကုန်များအဖြစ် ဆက်လက်ထုပ်ပိုးပြီးသည်အထိ နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ အစဉ်အမြဲ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

အရည်အသွေးစစ်ဆေး

 

မြန်မာနိုင်ငံတွင် အသေးစားထုတ်ကုန်လုပ်ငန်း ၁၇၂၃၄ ခုရှိသည့်အနက် အသင့်ထုပ်ပိုးပြီး ထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်း ၄၂၆၅ ခုရှိနေသည်ဟု သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းစားသောက်ကုန်များသာမက ပြည်ပမှ တင်သွင်းလာသည့် စားသောက်ကုန်များကိုလည်း ဈေးကွက်မတင်မီကတည်းက စစ်ဆေးပေးလျက် ရှိသည်။ ကုန်ပစ္စည်းများကို စားသုံးသူများအား ရောင်းချရာတွင် အရည်အသွေး စစ်ဆေးပြီးကြောင်း အသိအမှတ်ပြုပြီးမှသာ ပြည်သူများအား ရောင်းချ ခွင့်ရှိသည်။ မြန်မာနိုင်ငံတွင် အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရန် ထောက်ခံချက်ရရှိပြီးသည့် အစားအသောက်လုပ်ငန်း ၁ဝ၅၆ ခုနှင့် သောက်ရေသန့်လုပ်ငန်း ၂၃၆၈ ခုရှိကြောင်း သိရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများသည် စက်မှု၊ နည်းပညာနှင့် စွမ်းအင် ကဏ္ဍများကို အဆင့်မြင့်မားစွာ ဆောင်ရွက်နိုင်ကြပြီး ဖွံ့ဖြိုးပြီးနိုင်ငံငယ်များသည် အသေးစား၊ အလတ်စား လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်ငန်းများကို မြင့်မားအောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

 

ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် ရောက်ရှိရေး

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်၍ ကုန်ထုတ်လုပ်မှု မြှင့်တင်ရာ၌ စိုက်ပျိုး ရေးထွက်ကုန်များ တိုးတက်ထွက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နေ့စဉ်လိုအပ်လျက် ရှိသည့် စားသောက်ကုန်ပစ္စည်းများသည် စီးပွားရေး ဈေးကွက်တွင်တွင်ကျယ်စွာ လည်ပတ်နေသဖြင့် ကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြင့် ပြည်သူများ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သလို ထုတ်ကုန်ပစ္စည်းများကို အမယ်(အမည်)စုံအောင် ကြိုးပမ်းထုတ်လုပ်ခြင်းဖြင့် ပြည်သူများ၏ ကုန်သွယ်စီးပွား မြင့်မားတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အာရှဖွံ့ဖြိုးမှုဘဏ်၏ စစ်တမ်းများက ကမ္ဘာ့စီးပွားရေး အကျပ်အတည်း သည် အာရှပစိဖိတ်ဒေသအတွင်း လူ ၂၁ သန်း အား တစ်ရက်လျှင် ၁ ဒသမ ၂၅ ဒေါ်လာအောက် ဝင်ငွေရှိသော အလွန်အမင်း ဆင်းရဲနွမ်းပါးမှုအဆင့် ထပ်မံဖြစ်ပေါ်စေနိုင်ကြောင်း ဆိုထားသည်။

 

သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကောင်းမွန် သောမူဝါဒများနှင့် ထိရောက်သော ဝန်ဆောင်မှုများကို အလေးထားလုပ်ဆောင်သွားရန် လိုအပ်ကြောင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ပေါ်သို့ ရောက်ရှိရေးအတွက် အချိန်ယူ ကြိုးပမ်းအားထုတ်ပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်ရန် လိုအပ်နေဦးမည်ဟု ရှုမြင်မိပါကြောင်း ရေးသားလိုက်ရပါသည်။