အိ(Hist)
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် မိမိတို့နိုင်ငံ၏ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမဏ္ဍိုင်ကြီးဖြစ်ရုံမျှမက ပြည်သူလူထုတစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနေသည့် အခြေခံအကျဆုံး အသက်သွေးကြောပင် ဖြစ်ပါ သည်။ နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို လှမ်းကိုင်နိုင်ရန်အတွက် ရိုးရာစိုက်ပျိုးမွေးမြူရေးစနစ်များမှသည် ခေတ်မီနည်းပညာများ အသုံးပြုသည့် စီးပွားဖြစ် ကုန်ထုတ်လုပ်မှု စနစ်သို့ ကူးပြောင်းရန်မှာ အရေးကြီးသော လိုအပ်ချက်တစ်ခု ဖြစ်လာပါသည်။
စိုက်ပျိုးမွေးမြူရေးအပေါ်ထားရှိသည့် အမြင်နှင့် သဘောထားကို ပြုပြင်ပြောင်းလဲခြင်း
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ပင်ပန်းဆင်းရဲသော အလုပ်အဖြစ် ရှုမြင်မည့်အစား သိပ္ပံနည်းကျ နည်းပညာရပ်များနှင့် ပေါင်းစပ်ထားသည့် ခေတ်မီစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အလေးထား ပြောင်းလဲလုပ်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရရှိနိုင်ပါသည်။
အထွက်နှုန်းကောင်းမွန်ရုံသာမက ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် မျိုးစေ့များကို ဦးစားပေးရွေးချယ်စိုက်ပျိုးခြင်းသည် အောင်မြင်သော စိုက်ပျိုးထုတ်လုပ်မှု၏ ပထမ ခြေလှမ်းပင် ဖြစ်ပါသည်။
မိမိတို့၏ စိုက်ပျိုးမြေကို သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်ပြီး လိုအပ်သည့် အာဟာရဓာတ်များ ဖြည့်တင်းခြင်း၊ မြေဆီလွှာပျက်စီးမှုကို ကာကွယ်ခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
ဓာတုဓာတ်မြေသြဇာ အလွန်အကျွံသုံးစွဲခြင်းကို လျှော့ချပြီး သဘာဝမြေသြဇာ (Compost) နှင့် အကျိုးပြုဗက်တီးရီးယားများ အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ကာ ဘေးကင်းလုံခြုံ သော ထွက်ကုန်များကို ရရှိစေနိုင်ပါသည်။
ရေအရင်းအမြစ်ကို အလေအလွင့်မရှိဘဲ အပင်အတွက် အထိရောက်ဆုံးဖြစ်စေမည့် အစက်ချ ရေပေးစနစ် (Drip Irrigation)နှင့် ဖျန်းရေစနစ်များကို အခြေအနေအရ အသုံးချခြင်းဖြင့် စိုက်ပျိုး စွမ်းအားကို မြှင့်တင်နိုင်ပါသည်။
ဓာတုပိုးသတ်ဆေးများအစား သဘာဝပိုးနှင် ဆေးများနှင့် ပေါင်းစပ်ပိုးမွှား ကာကွယ်ရေးစနစ်ကို ကျင့်သုံးခြင်းဖြင့် ပတ်ဝန်းကျင်ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ကာ အရည်အသွေးမြင့် ထွက်ကုန်များကို ဖော်ဆောင်နိုင်ပါသည်။
တိရစ္ဆာန်မွေးမြူရေးတွင် ဇီဝလုံခြုံမှုကို အလေးထားခြင်း
မွေးမြူရေးကဏ္ဍတွင် ရောဂါကူးစက်မှု ကင်းဝေးစေရန်အတွက် ခြံများ၏ သန့်ရှင်းရေးနှင့် ဝင်ထွက် သွားလာမှု ထိန်းချုပ်ခြင်းဆိုင်ရာ ဇီဝလုံခြုံမှုစံနှုန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဆုံးရှုံးမှုများကို ကာကွယ်နိုင်ပါသည်။
စိုက်ပျိုးရေးမှထွက်သော ဘေးထွက်ပစ္စည်းကို မွေးမြူရေးအစာအဖြစ် သုံးစွဲပြီး မွေးမြူရေးမှရသော စွန့်ပစ်ပစ္စည်းကို စိုက်ပျိုးရေးတွင် ပြန်လည်အသုံးချခြင်းဖြင့် အလေအလွင့်မရှိသော စီးပွားရေး ပုံစံကို တည်ဆောက်နိုင်ပါသည်။
လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန်နှင့် အချိန်ကုန်သက်သာစေရန်အတွက် လက်တွန်း ထွန်စက်များမှသည် ရိတ်သိမ်းခြွေလှေ့စက်များအထိ ခေတ်မီစက်ကိရိယာများကို အကျိုးရှိရှိ ပြောင်းလဲ သုံးစွဲရန် လိုအပ်လာပါသည်။
စိုက်ပျိုးသီးနှံများကို ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ခြင်း နည်း ပညာများကို အသုံးပြု၍ ပိုမိုမြင့်မားသော ဈေးကွက်တန်ဖိုးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
ကုန်ကျစရိတ်နှင့် ဝင်ငွေကို စနစ်တကျမှတ်တမ်းတင်ခြင်းဖြင့် အားနည်းချက်၊ အားသာချက်များကို သိရှိပြီး ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုများကို ပြုလုပ်နိုင်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင် သင့်ပါသည်။
ထုတ်လုပ်မှုမပြုမီ ဈေးကွက်လိုအပ်ချက်နှင့် ပေါက်ဈေးများကို လေ့လာဆန်းစစ်ပြီးမှသာ ဈေးကွက်အလားအလာရှိသော အမယ်များကို ရွေးချယ်လုပ်ကိုင်ခြင်းဖြင့် အကျိုးအမြတ်ကို ပိုမို သေချာစေပါသည်။
တောင်သူအချင်းချင်း အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် ကုန်ကြမ်းဝယ်ယူရာတွင် အခွင့်အလမ်းသာခြင်းနှင့် ထုတ်ကုန်ရောင်းချရာတွင် ဈေးကွက်အင်အားရရှိစေခြင်းတို့ကို ဖော်ဆောင် နိုင်ပါသည်။
သီးနှံများ ရိတ်သိမ်းပြီးနောက် သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးတို့တွင် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် စနစ်တကျထုပ်ပိုးခြင်းနှင့် အအေးခန်းစနစ်များကို အသုံးချခြင်းဖြင့် အရည် အသွေးကို ထိန်းသိမ်းနိုင်ပါသည်။
ရာသီဥတုပြောင်းလဲမှုကို နားလည်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခြင်း
မိုးလေဝသခန့်မှန်းချက်များကို စဉ်ဆက်မပြတ် နားထောင်ပြီး ရာသီဥတုဒဏ်ခံနိုင်သော သီးနှံပုံစံ များနှင့် စိုက်ပျိုးချိန်များကို လိုက်လျောညီထွေ ပြောင်းလဲလုပ်ဆောင်ခြင်းဖြင့် သဘာဝဘေး အန္တရာယ်များကို ကျော်လွှားနိုင်ပါသည်။
GAP စံနှုန်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစားသုံးသူများ၏ ယုံကြည်မှုကို ရရှိရုံသာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မည့် အခွင့်အလမ်းသစ်များကို ဖော်ဆောင်နိုင်မည်ဖြစ် ပါသည်။
မိမိဒေသ၏ မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတုအခြေအနေများကို အခြေခံ၍ အောင်မြင် ဖြစ်ထွန်းမှုအရှိဆုံးသော အမယ်များကို အထူးပြုလုပ်ကိုင်ခြင်းဖြင့် အကျိုးကျေးဇူးကို ပိုမိုရရှိစေ ပါသည်။
ခေတ်မီစိုက်ပျိုးမွေးမြူရေးဆိုင်ရာ သင်တန်းများ၊ စာအုပ်စာစောင်များနှင့် အွန်လိုင်းမှ နည်းပညာ သစ်များကို အမြဲမပြတ် လေ့လာဆည်းပူးခြင်းဖြင့် မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်နိုင် ပါသည်။
မိသားစုတစ်ပိုင်တစ်နိုင်မှသည် ဒေသတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများအထိ တိုးချဲ့ ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေကာ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
နောင်မျိုးဆက်သစ်များအတွက် အဖိုးတန်သော မြေနှင့်ရေ အရင်းအမြစ်များ မပျက်စီးစေရန် ဂေဟ စနစ်ကို မထိခိုက်စေသော နည်းလမ်းများကို ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက် မှုကို တည်ဆောက်နိုင်ပါသည်။
စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်သော အဖိုးတန် ရတနာပင်ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်များကို လက်တွေ့နယ်ပယ်တွင် ကြိုးပမ်း အကောင်အထည်ဖော်ခြင်းဖြင့် တစ်ဦးချင်းစီ၏ စားဝတ်နေရေး ပြဿနာများကို ဖြေရှင်းနိုင်ရုံသာမက နိုင်ငံတော်၏ စီးပွားရေးကိုလည်း အောက်ခြေမှစ၍ တောင့်တင်းခိုင်မာစေမည် ဖြစ်ပါသည်။ ထို့ကြောင့် အသိပညာ၊ အတတ်ပညာနှင့် ဝီရိယကို ပေါင်းစပ်ကာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အားလုံးသာယာဝပြောသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဆီသို့ အရောက်လှမ်းနိုင်ကြပါစေကြောင်း တိုက်တွန်းနှိုးဆော် ရေးသားအပ်ပါသည်။ ။


