နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုရန် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ စီးပွားရေးစကားဝိုင်းကျင်းပ

၅ ဒီဇင်ဘာ

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များပါဝင်သော စီးပွားရေးစကားဝိုင်းကို စီးပွားရေးစကားဝိုင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ 

 

အဆိုပါစီးပွားရေးစကားဝိုင်းတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ဇော် United Paints Group of Co., Ltd. မန်နေဂျင်းဒါရိုက်တာ ဦးအေးဟန်၊ Proven Group of Co., မန်နေဂျင်းဒါရိုက်တာ ဦးသန်းထိုက်လွင်တို့က နိုင်ငံတော်၏စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အကောက်ခွန်ဦးစီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကောက်ခံသည့်အခွန်အမျိုးအစားနှင့် တစ်နှစ်အတွင်းကောက်ခံရရှိသော အခွန်ငွေပမာဏ၊ အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် ဆောင်ရွက်နေမှုများ၊ ကောက်ခံသည့်အခွန်အမျိုးအစားနှင့် တစ်နှစ်အတွင်းကောက်ခံရရှိသော အခွန်ငွေပမာဏ၊ အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် အကောက်ခွန်ဦးစီးဌာနမှပါဝင်သည့် အခန်းကဏ္ဍ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဆောင်ရွက်နေမှုများ၊ SMES လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် သွင်းကုန်အစားထိုးရေးတို့အတွက် ကြုံတွေ့နေရသော အခက်အခဲများနှင့် အကြံပြုချက်များ၊ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအပေါ် ဆွေးနွေးကြသည်။ 

 

အစီအစဉ်မှူး။ ။ဆက်လက်ပြီး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေနဲ့ လုပ်ငန်းအခြေအနေလေး ပြောပြပေးစေလိုပါတယ်။

 

ဦးသန်းထိုက်လွင်။ ။ကျွန်တော်တို့ရဲ့ Battery  ထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ ဘက်ထရီပလိပ်ပြား ထုတ်လုပ်တဲ့ လုပ်ငန်းတွေကနေ တစ်ဆင့်မြှင့်ပြီး မော်တော်ကား၊ မော်တော်ဆိုင်ကယ်တွေမှာ အသုံးပြုလို့ရတဲ့ TOYO Batteru နဲ့ LION Batter ကို ၁၉၉၆ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဘက်ထရီအိုးအဟောင်းမှ ခဲကျိုချက်သန့်စင်တဲ့လုပ်ငန်းနဲ့ ပလတ်စတစ် လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ခဲ့တာဖြစ်ပြီး အလုပ်သမား ၁၀ဝဝ ကျော်နဲ့လည်ပတ်နေတဲ့ စက်မှုလုပ်ငန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ပြည်ပနိုင်ငံတွေအတွက် ဘက်ထရီနဲ့ အသင့်သုံးရန် ပလိပ်ပြားအပြင် သန့်စင်ပြီး ခဲချောတွေကိုလည်း တင်ပို့ရောင်းချလျက်ရှိပါတယ်။

 

အစီအစဉ်မှူး။ ။ပြည်တွင်းထုတ်လုပ်ရေး လုပ်ငန်းရှင်ဖြစ်တဲ့ ဦးအေးဟန်ကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး topic တစ်ခုနဲ့ ပါဝင်ဆွေးနွေးစေလိုပါတယ်။

 

ဦးအေးဟန်။ ။ကျွန်တော်က ဒီနေ့စကားဝိုင်းမှာ ဦးအေးဟန်SMEs Development နဲ့ သွင်းကုန် အစားထိုးရေးနဲ့ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နည်းပညာသုတေသနတွေမှာ နောက်ကျနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ကို ဟန်ချက်ညီညီ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ရန်လိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့လိုအပ်သလို အချိန်တိုအတွင်း ပုဂ္ဂလိကကဏ္ဍမှာ လက်ရှိလုပ်ကိုင်နေတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အားပေးတာ၊ မြေတောင်မြှောက်ပေးတာမျိုးလုပ်ပေးရင် နိုင်ငံရဲ့အသားတင် ထုတ်ကုန်တန်ဖိုးတွေ မြင့်တက်လာမှာဖြစ်ပါတယ်။

 

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် စီးပွားရေးနယ်ပယ်တွေ အောင်မြင်မှု၊ တိုးတက်မှုတွေရရှိဖို့ နိုင်ငံတော်အစိုးရက ပုဂ္ဂလိကကဏ္ဍတွေကို အားပေးကူညီဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့နိုင်ငံဟာ နိုင်ငံရပ်ခြား ကုန်ချောပစ္စည်းတွေကို ကုန်သွယ်မှုလုပ်ငန်းနဲ့ ပြည်တွင်းဖြန့်ဖြူးရေးလုပ်ငန်းကိုသာ အဓိကအားထားကြတယ်။ သုံးစွဲသူတွေကလည်း နိုင်ငံရပ်ခြားကုန်ပစ္စည်းတွေ သုံးစွဲမှုအပေါ် မွေ့လျော်တဲ့အလေ့အကျင့်နဲ့ ရပ်တည်နေပါတယ်။

 

ဒါကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေမြှင့်တင်ခြင်း၊ သွင်းကုန်အစားထိုးခြင်း (Import Substitution)၊ ပို့ကုန်မြှင့်တင်ခြင်း (Export Substitution) ဆောင်ရွက်မှသာ ပြည်တွင်းစီးပွားရေးခိုင်မာစွာ ရပ်တည်နိုင်မယ်။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ရေရှည်ဝင်ငွေရလမ်းတွေ ဖြစ်ပေါ်နိုင်မှာဖြစ်လို့ ကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်။

 

အစီအစဉ်မှူး။ ။ထုတ်လုပ်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း ဆက်လက် ဆွေးနွေးပေးစေလိုပါတယ်။ ပထမဦးဆုံး ဒေါက်တာ အောင်ဇော်က ပြောပြပေးပါ။

 

ဒေါက်တာအောင်ဇော်။ ။ကျွန်တော် ပြည်တွင်းဆေးဝါးထုတ်လုပ်သူများအနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲအနေနဲ့က နှစ်ပိုင်းရှိပါတယ်။ ပထမပိုင်းအနေနဲ့ အခွန်နဲ့ ပတ်သက်ပြီး နိုင်ငံအတွင်းကို တင်သွင်းနေတဲ့ ဆေးဝါးကုန်ကြမ်း၊ ဓာတ်ခွဲခန်းသုံး Reagent နဲ့ ဆေးဝါးထုပ်ပိုး ပစ္စည်းတွေကို Customs duty သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ ပေးဆောင်နေရချိန်မှာ နိုင်ငံအတွင်းကို ပြည်ပကတင်သွင်းနေတဲ့ ဆေးဝါးကုန်ချောတွေမှာ အကောက်ခွန်အနေနဲ့ အချို့ပစ္စည်းတွေက ကင်းလွတ်ခွင့် ရရှိပြီးဖြစ်ပါတယ်။ အချို့ဆေးဝါးတွေမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိနေတဲ့အတွက် ထုတ်လုပ်မှုနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလျက်ရှိပါတယ်။ နိုင်ငံတကာ စံနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အခြားနိုင်ငံတွေမှာ ပြည်တွင်းထုတ်လုပ်မှုကို ပိုမိုအားပေးတဲ့အနေနဲ့ ကုန်ကြမ်းတွေတင်သွင်းရင် အခွန်ကင်းလွတ်ခွင့်ပေးပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီဖြစ်တဲ့ ကုန်ချောတွေတင်သွင်းရင် အခွန်ရာခိုင်နှုန်း ပိုမိုတိုးမြှင့်တောင်းခံနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံအနေနဲ့လည်းဆေးဝါးကုန်ကြမ်းအပါအဝင် အခြားကုန်ကြမ်းတွေကို အခွန်နှုန်းထားလျှော့ချပြီး ကုန်ချောတွေကို အခွန်နှုန်းတိုးမြှင့်ကောက်ခံသင့်ပါတယ်။

 

နောက်တစ်ပိုင်းဖြစ်တဲ့ မူဝါဒအပိုင်းမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေက ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ဆေးဝါး တွေကိုသာ ဦးစားပေးဝယ်ယူရမယ်ဆိုတဲ့ ဝယ်ယူရေး မူဝါဒမရှိပါဘူး။ အခြားနိုင်ငံတွေမှာ သတ်မှတ်ထားသလိုမျိုး တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရင် ဈေးနှုန်းတူညီတာမျိုး ဒါမှမဟုတ် သတ်မှတ်ထားတဲ့ရာခိုင်နှုန်း (Preference margin) အတွင်း ဈေးပိုနေတာတွေရှိရင် ပြည်တွင်းထုတ် ဆေးဝါးကိုသာ ဝယ်ယူတာမျိုးမရှိကြပါဘူး။

 

ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီဖြစ်တဲ့ဆေးဝါးတွေနဲ့ အလားတူ ဆေးဝါးတွေကိုပြည်ပကနေ တင်သွင်းမှုအရေအတွက် လျှော့ချကန့်သတ်တာမျိုးမရှိဘူး။ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီဖြစ်တဲ့ ဆေးဝါးတွေနဲ့ အလားတူတဲ့ ပြည်ပနိုင်ငံထုတ်ဆေးဝါးတွေရဲ့ ဆေးဝါးမှတ်ပုံတင်လိုင်စင်ကိုလည်း ကန့်သတ်တာမျိုး ဒါမှမဟုတ် ရပ်ဆိုင်းတာမျိုးစတဲ့ ထိန်းချုပ်မှုတွေမရှိတဲ့အတွက် ပြည်တွင်းဆေးဝါးထုတ်လုပ်မှုမှာ အခက်အခဲများစွာရှိနေပါတယ်။

 

အစီအစဉ်မှူး။ ။ဆက်လက်ပြီး ဦးသန်းထိုက်လွင် အနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ ဘယ်လိုမျိုး ကြုံတွေ့နေရလဲ၊ အစိုးရပိုင်းဆိုင်ရာတွေအနေနဲ့ ဘယ်လိုတွေဆောင်ရွက်သင့်လဲဆိုတဲ့ အမြင်လေးကို ဆွေးနွေးပေးပါဦး။

 

ဦးသန်းထိုက်လွင်။ ။ကျွန်တော်တို့ပြည်သူပြည်သားတွေဟာ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ဖို့အတွက် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဟာ တစ်ထောင့်တစ်နေရာကနေ အရေးပါပါတယ်။ ပို့ကုန်ကနေရရှိတဲ့ငွေအရ အခြားကဏ္ဍအသီးသီးမှရရှိတဲ့ နိုင်ငံခြားငွေ စုစုပေါင်းသွင်းကုန်နဲ့ အခြားကဏ္ဍတွေအတွက် ပေးချေလိုက်တဲ့ငွေစုစုပေါင်းထက်ပိုမှသာလျှင် ကျွန်တော်တို့ နိုင်ငံရဲ့ငွေတန်ဖိုး ပိုမိုခိုင်မာလာမှာဖြစ်ပါတယ်။

 

နိုင်ငံတကာမှာ ပြည်တွင်းက ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကုန်ချောအပေါ်မှာ ကောက်ခံတဲ့နှုန်းထားဟာ ကုန်ကြမ်းအပေါ်တွင် ကောက်ခံတဲ့နှုန်းထားထက် ပိုနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကုန်ကြမ်းနဲ့ ကုန်ချောအပေါ်မှာ ကောက်ခံတဲ့ နှုန်းထားတွေကို ခွဲခြားသတ်မှတ်သင့်ပါတယ်။ 

 

အကောက်ခွန်နှုန်းထားတွေနဲ့အတူ Non-Tariff Barriers နှုန်းထားတွေကိုလည်း ကဏ္ဍအလိုက် သင့်တော်သလို ဖော်ဆောင်သင့်ပါတယ်။ နိုင်ငံတကာမှာသူတို့ရဲ့ သွင်းကုန်ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေပြည့်မီမှသာ တင်သွင်းခွင့်ရရှိပါတယ်။ ထိုနည်းအတူပဲ မြန်မာနိုင်ငံရဲ့ စံချိန်စံညွှန်းများကိုလည်း ကဏ္ဍအလိုက်အမြန်ဆုံး သတ်မှတ်ကျင့်သုံးသင့်တယ်။ တစ်ပြိုင်တည်းမှာပဲ ဓာတ်ခွဲခန်းတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနနဲ့အသင်း အဖွဲ့တွေပူးပေါင်းပြီး တည်ထောင်သွားသင့်ပါတယ်။ နယ်စပ်ဒေသဖြစ်တဲ့ ကုန်သွယ်ရေးဂိတ်တွေမှာလည်း အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။ 

 

ကျွန်တော်တို့ရဲ့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်အောင် အဘက်ဘက်ကနေ ကြိုးစားဆောင်ရွက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အခုလိုယှဉ်ပြိုင်နိုင်မှုစွမ်းအားကို မြှင့်တင်နေရတဲ့အချိန်မှာ ကုန်ချောပစ္စည်းတွေကို အခွန်နှုန်းထား Zero ရာခိုင်နှုန်းအဖြစ် တင်သွင်းလာနိုင်တဲ့အတွက် ရင်းနှီးမြှုပ်နှံ သူတွေဟာ ရင်းနှီးမြှုပ်နှံမှုအစား Risk နည်းတဲ့ ကုန်ချောတွေတင်သွင်းရောင်းချခြင်းမျိုးကိုသာ ပြုလုပ်လာတာ တွေ့ရပါတယ်။

 

ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေသာမက ကမ္ဘာ့ထိပ်သီးစီးပွားရေးနိုင်ငံတွေမှာ ရေရှည်ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ထိန်းသိမ်းနိုင်ဖို့အတွက် သီးခြားအခွန်တွေ၊ Special Taxation တွေနဲ့ သတ်မှတ်ကောက်ခံတာကိုတွေ့ရပါတယ်။

 

ကျွန်တော်တို ့နိုင်ငံဟာဆိုရင် အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အခွန်နှုန်းထားတွေက အင်မတန်နည်းနေတာတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း ကဏ္ဍအလိုက် ပြည်ပမှတင်သွင်းလာတဲ့ ကုန်ချောပစ္စည်းတွေကို ထိုက်သင့်တဲ့ National Tariff တွေ ချမှတ်ကောက်ခံသွားသင့်ပါတယ်။ 

 

အခွန်နှုန်းထား ကွာဟပြီးနည်းနေတာကြောင့် ကျွန်တော်တို့ကလည်း ကဏ္ဍအလိုက် ပြည်ပမှ တင်သွင်းလာတဲ့ ကုန်ချောပစ္စည်းတွေကို ထိုက်သင့်တဲ့ထုပ်ပိုးပစ္စည်းပေါ်မှာဖော်ပြတဲ့ အညွှန်းစာသားများ သတ်မှတ်ခြင်း၊ရာသီအလိုက်တင်သွင်းခွင့်ပြုတဲ့ ပမာဏသတ်မှတ်ခြင်း၊ အနည်းဆုံးသွင်းကုန်အပေါ်မှာ သတ်မှတ်တန်ဖိုးထားရှိခြင်း၊ နိုင်ငံအတွင်းထုတ်လုပ်နိုင်မှုအပေါ် ရည်ရွယ်ပြီး Quota သတ်မှတ်တင်သွင်းလာတဲ့ပစ္စည်းတွေကို အခွန်နှုန်းတစ်မျိုးသတ်မှတ်ခြင်း၊ Quota ကျော်လွန်တဲ့ ပစ္စည်းတွေကို သီးခြားအခွန်နှုန်းသတ်မှတ်ခြင်း၊ နိုင်ငံတော်အနေနဲ့ ပြည်တွင်းဖြစ်နဲ့ SMEs လုပ်ငန်းတွေမှာ အမျိုးအစားတစ်ခုကို ဦးစားပေးဝယ်ယူခြင်း၊ Anti-dumping နဲ့ Countervailing duty policy တွေသတ်မှတ်ခြင်း အစရှိတာတွေကို ဖော်ဆောင်သွားသင့်ပါတယ်။

 

အစီအစဉ်မှူး။ ။ဦးအေးဟန်အနေနဲ့ကရော အခု စီအစဉ်မှူး။ ပြောဆိုနေတဲ့ အကြောင်းအရာ တွေနဲ့ဆက်စပ်ပြီး အမြင်လေးကိုလည်းဆွေးနွေးပေးပါဦး။

 

ဦးအေးဟန်။ ။ကျွန်တော့်အနေနဲ့က ပြည်တွင်းထုတ်လုပ်ရေး လုပ်ငန်းတွေကိုယ်စားအနေနဲ့ ပြည်ပက တင်သွင်းတဲ့ ကုန်ချောတွေနဲ့ ယှဉ်ပြိုင်နိုင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ ပြည်တွင်းသွင်းကုန်အစားထိုး လုပ်ကိုင်နေတဲ့ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းရှင်တွေဟာ ထုတ်ကုန်မျိုးစုံကို ပြည်တွင်းဈေးကွက်ရရှိဖို့အတွက် အခက်အခဲမျိုးစုံနဲ့ လှုပ်ရှားရုန်းကန် ရပ်တည်နေကြရတယ်။ ဒေသတွင်းနိုင်ငံတွေကို ခြေဦးမလှည့်နိုင်ကြတာကို တွေ့ရှိရပါတယ်။ နိုင်ငံခြားကနေ တင်သွင်းလာတဲ့ကုန်ချောအမျိုးမျိုးကို ခံစစ်နဲ့ တွန်းလှန်နေကြရပါတယ်။ နိုင်ငံခြားကတင်သွင်းတဲ့ ကုန်ချောအမျိုးမျိုးတွေကလည်း ပြည်တွင်းဈေးကွက်ကို ဖဲ့ယူနေကြတယ်။

 

မြန်မာပြည်က သုံးစွဲသူတွေကလည်း နိုင်ငံခြားပစ္စည်းတွေကိုပဲ ဈေးကြီးပေးသုံးစွဲကြတာကြောင့် Made in Myanmar ထုတ်ကုန်တွေ ဈေးကွက်တွင်မျက်နှာငယ်ကြရပါတယ်။ ကျွန်တော်တို့ပြည်တွင်းမှာ Value added သွင်းကုန်အစားထိုးထုတ်လုပ်တဲ့ စက်ရုံတွေအတွက် သွင်းကုန်အစားထိုး ထုတ်ကုန်တွေဦးမော့နိုင်ဖို့နဲ့ ပြည်ပ သွင်းကုန်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် လိုအပ်ချက်တွေထဲက ပြည်ပကနေတင်သွင်းတဲ့ စက်မှုကုန်ကြမ်းတွေ၊ အသုံးပြုမယ့်စက်တွေ၊ အထောက်အကူပြုယန္တရားတွေ တင်သွင်းလာတာမျိုးအပေါ် Import Customs duty  အကောက်ခွန် ကင်းလွတ်ခွင့်ပြုတာမျိုးနဲ့ အကောက်အခွန်နှုန်း လျှော့ပေါ့တာမျိုး၊ ပြည်တွင်းမှာ အရည်အသွေးမီ ထုတ်လုပ်နိုင်တဲ့ ထုတ်ကုန်တွေနဲ့အလားတူ ပြည်ပသွင်းကုန်တွေကို အကောက်ခွန်နှုန်းမြှင့်တင်ပေးခြင်းဖြင့် ပြည်တွင်းသွင်းကုန်အစားထိုး ထုတ်ကုန်တွေကို အားပေးဖို့ဆောင်ရွက်သင့်တယ်လို့မြင်ပါတယ်။

 

အစီအစဉ်မှူး။ ။အခုဆွေးနွေးသွားတဲ့ အရာနဲ့ပတ်သက်ပြီး အရာနဲ့ပတ်သက်ပြီး့UMFCCI အနေနဲ့လည်း အမြင်လေးကို ဆွေးနွေးပေးစေလိုပါတယ်။ 

 

ဒါ်ခိုင်ခိုင်နွယ်။ ။ဦးအေးဟန် ဆွေးနွေးသွားတဲ့ Made In Myanmar ပေါ့နော်၊ ကျွန်မတို့ကုန်သည်/စက်မှုချုပ်အသင်းချုပ်က ညီနောင်အသင်း ၇၆ သင်းရှိတယ်။ အဲ့ဒီမှာ ကျွန်မတို့ရဲ့ ညီနောင် အသင်းဖြစ်တဲ့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှု ထုတ်ကုန်အသင်းတွေထဲမှာ လက်ခစားလုပ်ငန်းတွေ လုပ်ကိုင်ရတာရှိတယ်။ နိုင်ငံတော်ကလည်း အလုပ်အကိုင်အခွင့်အလမ်းကို အများကြီးဖန်တီး ပေးထားတာရှိတော့ ကျွန်မတို့လုပ်ငန်းကိုအားပေးတယ်။ Made In Myanmar က ကျွန်မတို့ အတွက်ဂုဏ်ရှိတယ်၊ ကျွန်မတို့အနေနဲ့ လက်ခစားလုပ်ငန်းကနေ တန်ဖိုးမြင့် ပို့ကုန်ထုတ်တဲ့လုပ်ငန်းကို နိုင်ငံတော်ကလည်း အားပေးပါတယ်။  

 

ကျွန်မတို့ကလည်း ပြောင်းချင်နေတယ်။ ပြောင်းဖို့ကြိုးစားနေပါတယ်၊ အများကြီး လုပ်ကြရဦးမှာပါ။ CMP ကနေ FOB ပြောင်းမယ်ဆိုရင် အကောက်ခွန်ပေါ့၊ ပစ္စည်းသွင်းလာတဲ့အခါမှာ သွင်းလာတဲ့ပစ္စည်းက Re-Export ပြန်လုပ်တဲ့အတွက် အကောက်ခွန်ပေးစရာမလိုဘူး။ ဒါပေမယ့်လည်း FOB လုပ်တယ်ဆိုရင် သွင်းလာတဲ့အချိန်မှာ အကောက်ခွန် အရင်ပေးရမယ်၊ ပြီးရင်ထုတ်လုပ်မယ်၊ ပြီးလို့ရှိရင် Export လုပ်တဲ့အခါမှာ ဒါကိုပြန်လျှောက်ပြီး ပြန်ပြီးတော့ အကောက်ခွန်ပြန်ရမှာပါ။ အဲဒီလို လုပ်ငန်းစဉ်ကိုဖြစ်နိုင်ရင် ပိုလွယ်ကူအောင် ဘယ်လိုနည်းရှိလဲဆိုတာ စဉ်းစားစေချင်တယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ CMP လုပ်ငန်းက အထည်ချုပ်ရှိတယ်။ ဖိနပ်၊ ဆံပင်တုရှိတယ်။ ဒါတွေအကုန်လုံးက ကျွန်မတို့နိုင်ငံရဲ့ အလုပ်အကိုင် ဖန်တီးမှုက အားလုံးဆိုရင် ခြောက်သိန်း ကျော်လောက်ရှိတယ်။ နိုင်ငံ့ဝင်ငွေဆိုလည်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ဘီလီယံလောက်ရှိတယ်။ ဒါပေမယ့် ဒါတွေဟာ ကျွန်မတို့ရဲ့ ဝင်ငွေမဟုတ်ဘူး၊ ကျွန်မတို့ကဒီဟာရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ဝင်ငွေရတယ်။ တကယ်လို့များ ကျွန်မတို့ဟာ FOB ပြောင်းနိုင်ခဲ့ရင် ဒေါ်လာ ၃ ဘီလီယံက ကျွန်မတို့နိုင်ငံရဲ့ဝင်ငွေဖြစ်သွားမှာပါ။

 

ကျွန်မတို့အနေနဲ့ အခုလက်ရှိ CMP စနစ်ကနေ FOB စနစ်ကိုတစ်ဆင့်တက်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ညွှန်ချုပ်ကြီး ဆွေးနွေးသွားတဲ့ Dry Port ၊ Bonded Warehouse စနစ်တွေလည်း အကောင်အထည်ဖော်လာနိုင်ခဲ့ရင် ကျွန်မတို့လုပ်ငန်းပိုင်းတွေမှာ အလွန်ကိုအဆင်ပြေမယ့်စနစ်တွေ ဖြစ်လာမယ်လို့ မျှော်လင့်တဲ့အတွက်အမြန်ဆုံးအကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းလိုပါတယ်။ ပြီးတော့ ကျွန်မတို့ဆောင်ရွက်မယ့် FOB စနစ်နဲ့ တင်သွင်းလာတဲ့အခါကျရင်လည်း အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းပြီး ပြန်လည်တင်ပို့ခွင့်ပြုပေးနိုင်မယ့် စီမံချက်တစ်ခုကို ရှာဖွေပေးစေလိုပါတယ်။ ဆိပ်ကမ်းထုတ်လုပ်မှု အပိုင်းမှာလည်း ကြန့်ကြာမှုမရှိစေရေးကိုလည်း ဆောင်ရွက်ပေးဖို့အတွက် ကျွန်မအနေနဲ့ တင်ပြလိုပါတယ်။

 

ရေး-ဇော်ကြီး
ဓာတ်ပုံ-ဖေဇော်