နိုင်ငံ့စီးပွားတိုးတက်လာစေရေး ရက် ၈၀ စီမံချက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ချမှတ်

ပြုံယမ်း ၇ အောက်တိုဘာ

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် နိုင်ငံတစ်ဝန်းစီးပွားရေးမြှင့်တင်မှု စီမံချက်ကို အကောင်အထည်ဖော်ပြီး တိုးတက်မှုများကို ဇန်နဝါရီလတွင် ကျင်းပမည့် ပါတီညီလာခံအမီ မြင်တွေ့လိုသည်ဟု ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာတွင် ဖော်ပြသည်။

 

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား စီမံကိန်းနှင့် တာဝေးပစ် ဒုံးကျည်ထုတ်လုပ်ရေး အရှိန်မြှင့်တင်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သဖြင့် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများခံခဲ့ရကာ နိုင်ငံ့စီးပွားရေးကျဆင်းလာသလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်အတူ ရေကြီးရေလျှံမှုကြောင့် စီးပွားရေးပိုမိုကျဆင်းလာသည့်အတွက် ယခုဆုံးဖြတ်ချက်ကို ပါတီအစည်းအဝေးအတွင်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် သြဂုတ်လအတွင်း ကျင်းပခဲ့သည့် အစည်းအဝေးတွင် ခေါင်းဆောင်ကင်က မှားယွင်းသည့် စီမံခန့်ခွဲမှုစနစ်ကြောင့် ချမှတ်ထားသည့် ရည်ရွယ်ချက်များ နှောင့်နှေးခဲ့ရသည်ကို လက်ခံခဲ့ပြီး စီးပွားရေးစီမံကိန်းအသစ်ကို ချမှတ်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ယခု “ ရက် ၈၀ စီမံကိန်း” ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

မူဝါဒသုံးသပ်ရေးပညာရှင်များက တိုင်းပြည်တည်ထောင်ခဲ့သည့် (၇၅)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တိုးတက်မှုများ မြင်တွေ့ရန် ခေါင်းဆောင်ကင်က မျှော်လင့်နေပြီး မြောက်ကိုရီးယား၏ စီးပွားရေးတက်ရိပ်ကို မြင်တွေ့နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

 

ကိုးကား-အေအက်ဖ်ပီ၊ ဘာသာပြန်-မေလဲ့သင်း