နိုင်ငံစီးပွားတိုးတက်ရေး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်

နိုင်ငံတစ်နိုင်ငံတွင် ကုန်စည်စီးဆင်းမှုစနစ်တကျ ခိုင်မာအားကောင်းပါမှ ထိုနိုင်ငံနှင့်နိုင်ငံသားများ၏ လူမှုစီးပွား ဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု မှန်ကန်ချောမွေ့စေရေး အတွက်ခိုင်မာ အားကောင်းသည့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေများဖြင့် အကောက်အထည်ဖော်ဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုများမရှိစေရန် ထိထိရောက်ရောက် တိုက်ဖျက်သွားရမည်ဖြစ်သည်။

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ကြသဖြင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှု တိုးတက်လာသည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ် တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိမှုမှာ ငွေကျပ် ၈ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလစာဖမ်းဆီးရမိမှုမှာ တန်ဖိုးငွေကျပ် ၁၂ ဒသမ ၉၀၄ ဘီလီယံရှိသဖြင့် ယခုနှစ်တွင် ဖမ်းဆီးရမိမှုများ သိသာစွာတိုးတက်နေသည်ကို တွေ့ရသည်။

 

တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ဖမ်းဆီးရမိမှု တိုးတက်လာခြင်းကို ကျေနပ်မနေဘဲ နိုင်ငံတော်နှင့် စီးပွားရေးမဏ္ဍိုင်ကို ထိုးနှက်မှုရှိနေသော တရားမဝင်ကုန်သွယ်မှုများ ရှိနေဆဲဖြစ်၍ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” မှာကြားခဲ့သည်။

 

မြန်မာနိုင်ငံ၌ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို တိုက်ဖျက်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ၊ အကောက်ခွန်မဲ့ကုန်ပစ္စည်းများအပြင်ပေါက်ကွဲ စေတတ်သော ကန့်သတ်ပစ္စည်းများသာမက ဓာတုကုန်ကြမ်း ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များကိုပါ ဖမ်းဆီးရမိနေသည်ကို တွေ့ရသည်။ ယခုအခါ တရားမဝင်ကုန်သွယ်မှုကို ထိထိရောက်ရောက် တိုက်ဖျက်လာသောကြောင့် ယခင်က တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုမရှိခဲ့သည့် ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတွင်ပါ ဖမ်းဆီးရမိမှုများ ရှိလာသည်ကို တွေ့ရသည်။

 

ယခင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကိုနယ်စပ်ဒေသများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် ကုန်းတွင်း ပိုင်းတွင် ပုံမှန်ဖမ်းဆီးမှုများရှိခဲ့သော်လည်း ကမ်းရိုးတန်းဒေသများ၌ ဖမ်းဆီးရမိမှုအား နည်းနေသည်ကို တွေ့ရသည်။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုကို စဉ်ဆက်မပြတ် တိုက်ဖျက်နေသော်လည်း ဖမ်းဆီးရမိမှုများ ဆက်လက်တိုးတက်များပြားနေသည်ကို တွေ့ရသည်။ တရားမဝင် ကုန်သွယ်မှုသည် မရိုးမသားဆောင်ရွက်သူများ၊ ဝိသမလောဘသားများက ဥပဒေပြင်ပမှနေ၍ ၎င်းတို့အကျိုးစီးပွားအတွက် ကြံစည်ကြိုးပမ်းလုပ်ကိုင်နေခြင်း ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခြင်းကြောင့်နိုင်ငံတော်အတွက် အကျိုးဖြစ်စေသော်လည်း တရားမဝင် လုပ်ကိုင်သူများအတွက် ထိခိုက်မှုများရှိလာသည်။ ထိုအခါ နိုင်ငံတော်အတွက် ဆောင်ရွက်နေသူများ အပေါ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်အောင် နည်းမျိုးစုံသုံး ကြိုးပမ်း နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် စီးပွားရေးကိုလုပ်ကိုင် ဆောင်ရွက်ရာ၌ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ လုပ်ထုံး လုပ်နည်းများအတိုင်း တရားဝင် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အတိတ် တစ်ချိန်က တံခါးပိတ် စနစ်ကျင့်သုံးခဲ့သဖြင့် တရားမဝင်မှောင်ခိုလမ်းကြောင်းကို အသုံးပြုခြင်းရှိခဲ့သော် လည်း မျက်မှောက်ကာလတွင် လွတ်လပ်စွာ ကုန်သွယ်ကူးသန်းနိုင်ပြီဖြစ်သောကြောင့် တရားဝင်ကုန်သွယ်မှုကိုသာ ပြုလုပ်ကြရမည်ဖြစ်သည်။ သို့သော် တရားမဝင်ကုန်သွယ်မှုများ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူများအတွက် ထိခိုက်နစ်နာမှုများ အမျိုးမျိုးအဖုံဖုံ ကြုံတွေ့နေပေသည်။

 

အထူးသဖြင့် ဖမ်းဆီးရမိကုန်ပစ္စည်းများတွင် ကန့်သတ်ထားသည့် ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ ဓာတု ကုန်ကြမ်းပစ္စည်းများနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်ပစ္စည်းများပါ သယ်ဆောင်လာကြသဖြင့် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအတွက် အန္တရာယ်ဖြစ်စေသကဲ့သို့ အခြားနိုင်ငံများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ရောက်ရှိသွားမည်ဆိုပါက နိုင်ငံ၏ဂုဏ်သိက္ခာကိုပါ ထိခိုက်နစ်နာမည်ဖြစ်၍ တရားမဝင်ကုန်သွယ်မှုများကို ယခုထက်ပိုမို ထိထိရောက်ရောက်တိုက်ဖျက်ကြရန် တိုက်တွန်းအပ်ပါသည်။

 

သို့ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုသည် မသမာသူတို့၏ အကျိုးစီးပွား သက်သက်အတွက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး တရားမဝင်လုပ်ကိုင်မှုကြောင့် နိုင်ငံတော်နှင့် တိုင်းပြည်၏စီးပွားရေးမဏ္ဍိုင်ကို ထိခိုက်နစ်နာမှုကြီးမားစွာ ဖြစ်ပေါ်နိုင်သဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးက ပြည်သူများနှင့်ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။       

ကြေးမုံအယ်ဒီတာ့အာဘော်