နိုင်ငံ၏အနာဂတ်ကို လှပစွာပုံဖော်ရန် အစဉ်-အသင့်ရှိနေသည့် ကင်းထောက်မောင်မယ်

တက္ကသိုလ်ပွင့်သူအောင်

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမြှင့်တင်ပေးနိုင်သော စွမ်းအားအရင်းအမြစ် နှစ်ရပ်ရှိရာ ယင်းတို့မှာ လူ့စွမ်းအားအရင်းအမြစ်နှင့် သဘာဝသယံဇာတ အရင်းအမြစ်တို့ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်၏ အဓိကမှာ “ပညာရေး ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးသည် ပညာရေး၏ အဓိကပန်းတိုင်ရည်မှန်းချက်ပင် ဖြစ်သည်။ အထူးသဖြင့် ပညာရေးသည် လူတို့၏ စိတ်သဘောထား၊ ကျွမ်းကျင်မှုနှင့် အသိပညာတို့၏ ပြောင်းလဲမှုဖြစ်စဉ်ဖြစ်သည်။ ထိုသို့ ပြောင်းလဲရာတွင် ကင်းထောက်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းလည်း ပါဝင်ခဲ့သည်။

ကင်းထောက်ဆိုသည်မှာ

ကင်းထောက်ဆိုသည်မှာ လူငယ်များကို လက်တွေ့ကျသည့် ကျွမ်းကျင်မှုရရှိအောင် လေ့ကျင့်သင်ကြားပေးခြင်း၊ စခန်းထွက်လေ့ကျင့်ပေးခြင်းဖြစ်ပြီး ကင်းထောက်လုပ်ငန်းသည် လူမှုဝန်ထမ်းကိစ္စအတွက်ဖြစ်သည်။ တစ်နည်းအားဖြင့် ကင်းထောက်ဆိုသည်မှာ သူတစ်ပါးကို ကူညီရန်၊ အမှီအခိုကင်းရန်၊ အဆင်သင့်ဖြစ်အောင်နေတတ်ရန်၊ မျက်စိရှင်ရန်၊ စိတ်ပါလက်ပါနှင့် အတူလက်တွဲ လုပ်ကိုင်တတ်ရန်၊ လုပ်ငန်းတစ်ခုကိုစပြီးလျှင် ဆုံးအောင်လုပ်ကိုင်တတ်ရန်၊ ဝင့်ကြွားမာနမရှိရန်၊ ပါတီနိုင်ငံရေးတွင် ပါဝင်ရန်မဟုတ်ဘဲ ကိုယ့်ရပ်ကိုယ့်ရွာ အကျိုးဆောင်ရွက်တတ်ရန်၊ စံပြလူငယ်ဖြစ်အောင် ကြံစည်အားထုတ်ရန်တို့ကို အထူးလိုက်နာကျင့်သုံးရမည်။ ထို့အပြင် ကင်းထောက်ဆိုသည်မှာ အတန်းစာထူးချွန်သည်ဖြစ်စေ၊ မထူးချွန်သည်ဖြစ်စေ လူတိုင်းပါဝင်၍ရသော အဖွဲ့ပင်ဖြစ်သည်။

ကင်းထောက်ဟူသော ဝေါဟာရသည် မြန်မာဝေါဟာရ စစ်စစ်ဖြစ်သည်။ ကင်းထောက်ဝေါဟာရကို အင်းဝခေတ်စာဆို ပညာရှင်ကြီး ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့ စာပိုဒ် ၂၇ ၌ “ရန်ခြောက်ယောက်လျှင်၊ ကင်းထောက်လိုက်လံ၊ မေ့ဆုကြံ၍ စသည်ဖြင့် ရေးဖွဲ့ထားသည်။ သို့သော် ရှေးမြန်မာမင်းများလက်ထက် ကင်းထောက် ဟူသော ဝေါဟာရက ကင်းထောက်အသင်းအဖွဲ့ဟူသော ဝေါဟာရနှင့် ကွာခြားမှုရှိသည်။ ကင်းထောက်ကို ရှေးယခင်က “ကင်းစမ်းထိုးခြင်း၊ ကင်းစမ်းထိုးသောသူ ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ ရန်သူအခြေအနေကို ကြိုတင်သိရှိနိုင်ရန် စုံစမ်းထောက်လှမ်းသည်ဟူ၍လည်း အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည်။ အများအားဖြင့် စစ်မှုရေးရာတွင် ကင်းထောက်ဝေါဟာရကို အသုံးပြုခဲ့ကြသည်။ ယနေ့ မျက်မှောက်ခေတ် Scouting ခေါ် ကင်းထောက်လုပ်ငန်းမှာ ရှေးမြန်မာမင်းများလက်ထက် ကင်းထောက်လုပ်ငန်းနှင့် အနှစ်သာရအားဖြင့် များစွာကွာခြားသွားသည်။ ယနေ့ ကင်းထောက်လုပ်ငန်းသည် လူငယ်လူရွယ်များအား တန်ဖိုးရှိသည့်ပညာရပ်များ ဆည်းပူးလေ့လာရန်နှင့် တိုင်းပြည်အကျိုးပြုမည့် နိုင်ငံ၏ အနာဂတ်ခေါင်းဆောင် ကောင်းများဖြစ်စေရန် ရည်ရွယ်မှုများဖြင့် ပြုစုပျိုးထောင် ပေးသည့်မွန်မြတ်သော လုပ်ငန်းကြီးပင်ဖြစ်သည်။ ထိုမျှ သာမက ကိုယ်စွမ်းကိုယ်စရှိကာ တာဝန်ယူသည့် ကောင်းမွန် သောစာရိတ္တဖြင့် နိုင်ငံ့သားကောင်းများဖြစ်စေရန် ကြိုးပမ်းသည့် စစ်ရေးမစွက် နိုင်ငံရေးမဖက်၊ လူမှုရေးသက်သက်ဖြစ်သော ကင်းထောက်အဖွဲ့အစည်းကြီးပင် ဖြစ်သည်။

ကမ္ဘာ့ကင်းထောက်ဖခင်ကြီးနှင့် ကမ္ဘာ့ကင်းထောက်နောက်ခံသမိုင်း

ကမ္ဘာပေါ်တွင် ကင်းထောက်လုပ်ငန်းကို ဗြိတိသျှဗိုလ်မှူးကြီး ရောဘတ်ဗေဒဲန်ပိုဝဲလ်ဖြစ်ပြီး တစ်ကမ္ဘာလုံးက ရောဘတ် ဗေဒဲန်ပိုဝဲလ်ကို ကမ္ဘာ့ကင်းထောက်ဖခင်ကြီးအဖြစ် သတ်မှတ်ကြသည်။ ဗိုလ်မှူးကြီး ရောဘတ်ဗေဒဲန်ပိုဝဲလ် (၁၈၅၇-၁၉၄၁ ခုနှစ်) သည် လူငယ်လူရွယ်လေးများ၏ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ လူ့ကျင့်ဝတ်ကို သိရှိနားလည်ရေး၊ တစ်ကိုယ်ကောင်းစိတ် ပယ်ရှားရေး စသည်တို့အား ရှေးရှုသော ကင်းထောက်လုပ်ငန်းကို စတင်မွေးဖွားပေးခဲ့သူဖြစ်ခြင်းကြောင့် ရောဘတ်ဗေဒဲန်ပိုဝဲလ်ကို ကမ္ဘာ့ကင်းထောက်၏ဖခင်ကြီးဟု ခေါ်ဆိုခဲ့သည်။

တောင်အာဖရိကတိုက်တွင် ဘိုးဝါးစစ်ပွဲဖြစ်ပွားစဉ်အတွင်း ရန်သူဘိုးဝါးတပ်ကြီး၏ ခုနစ်လကြာ ဝိုင်းရံထားမှုကို ကြံ့ကြံ့ခံနိုင်ရန် ဗြိတိသျှတပ်မှူး ဗိုလ်မှူးကြီး ရောဘတ်ဗေဒဲန်ပိုဝဲလ်သည် စစ်ကူရောက်သည်အထိ လူရွယ်လူကြီးများအား အခြားအလုပ်များ လုပ်ကိုင်နိုင်ရေး လူငယ်များကို ကင်းထောက်အလုပ်၊ စာပို့အလုပ်၊ သတင်းပို့အလုပ်၊ ရှေးဦးသူနာပြု အလုပ်များကို လေ့ကျင့်သင်ကြားပေးကာ ကင်းထောက်အဖြစ် အသုံးပြုခဲ့သည်။ ရောဘတ်ဗေဒဲန်ပိုဝဲလ်သည် ၁၉၀၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ဘရောင်းဆီးကျွန်း၌ ကင်းထောက်စခန်းတစ်ခု စမ်းသပ်ဖွင့်လှစ်ပြီး လူငယ် ၂၀ ကို ကင်းထောက်စည်းမျဉ်းများအတိုင်း သွန်သင်လေ့ကျင့်ပေးခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ကင်းထောက်အဖွဲ့ စတင်ဖွဲ့စည်းသည်။ ရောဘတ်ဗေဒဲန်ပိုဝဲလ်၏ ကင်းထောက်လုပ်ငန်းကို ယောကျာ်းလေးများသာမက မိန်းကလေးများကပါ စိတ်ဝင်စားလာခဲ့ကြသည်။ ထို့ကြောင့် ၁၉၁၀ ပြည့်နှစ်၌ ကင်းထောက်အမျိုးသမီးအဖွဲ့များကို ဖွဲ့စည်းခဲ့ရာ အင်္ဂလန်နိုင်ငံတွင် ကင်းထောက် အဖွဲ့များ တစ်ဖွဲ့ ပြီးတစ်ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ ကင်းထောက် အဖွဲ့များသည် ဗြိတိသျှအင်ပါယာအတွင်း၌သာမက ကမ္ဘာ့နိုင်ငံ အသီးသီးသို့ လျင်မြန်စွာ ပျံ့နှံ့တိုးပွားလာခဲ့သည်။ ရောဘတ်ဗေဒဲန်ပိုဝဲလ်သည် ၁၉၁၀ ပြည့်နှစ်၌ အငြိမ်းစားယူပြီးနောက် ကင်းထောက်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ ရောဘတ် ဗေဒဲန်ပိုဝဲလ်သည် ကင်းထောက်လုပ်ငန်းကို လုပ်ကိုင်ရင်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူငယ်လူရွယ်များအား ဆွဲဆောင်ခဲ့သည်။

ကမ္ဘာ့ကင်းထောက်ဖခင်ကြီး ရောဘတ်ဗေဒဲန်ပိုဝဲလ်သည် ၁၉၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ မြန်မာပြည်သို့ ရောက်ရှိခဲ့ကြောင်း ၁၉၂၁ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် “The Weekly Ran-goon Times”  သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။

မြန်မာ့ကင်းထောက်နောက်ခံသမိုင်း

မြန်မာနိုင်ငံတွင် ကင်းထောက်လုပ်ငန်းကို ၁၉၁၀ ပြည့်နှစ်၌ ဗြိတိသျှလူမျိုးများက စတင်ခဲ့သည်။ ထိုအချိန်ကာလတွင် ၁၉၁၃ ခုနှစ်၌ တစ်ဦးချင်းသီးခြား ကင်းထောက်လုပ်ငန်းများ ရှိနေပြီဖြစ်သည်။ မြန်မာပြည်တွင် ကင်းထောက်အသင်းများ ဖွဲ့စည်းရေးနှင့် စပ်လျဉ်းပြီး ၁၉၁၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ တွင် ဟင်္သာတမြို့ ၌ စတင်ကျင်းပခဲ့သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A) စတုတ္ထမြောက်ကွန်ဖရင့်၌ စတင်တွေ့ရှိခဲ့သည်။ ထိုကွန်ဖရင့်သို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းနှင့် အလားတူအသင်းများမှ ကိုယ်စားလှယ်များ စုံညီစွာတက် ရောက်ခဲ့ကြသည်။ အဆိုပါကွန်ဖရင့်၏ ဒုတိယနေ့ ၁၉၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အသင်းဥက္ကဋ္ဌ ဦးစော ကိုယ်စား ဝတ်လုံတော်ရ ဦးမေအောင်က သဘာပတိအဖြစ် ဆောင်ရွက်ကာ ယင်းကွန်ဖရင့်၌ တင်သွင်းခဲ့သော အဆို အမှတ်(၁၀) မှာ- “အပျော်တမ်းတပ်နှင့် ကင်းထောက်လူငယ်တပ် တည်ထောင်ရန် ပြည်ပိုင်အစိုးရမင်းတို့အား လျှောက်ထားသည့် အကြောင်းဖြင့် သဘာပတိကအကြံပေးရာ သာယာဝတီ ဦးဘအေးက ထောက်ခံပြီး အများသဘောတူ ဆုံးဖြတ်ကြသည် ဟူ၍ ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကို ၁၉၁၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့၌ ကျင်းပခဲ့သော ဗုဒ္ဓကလျာဏယုဝအသင်းနှင့် အလားတူအသင်းများ၏ နှစ်ပတ်လည်ကွန်ဖရင့်တွင် အတည်ပြုခဲ့သည်။ ထို့ကြောင့် မြန်မာပြည်၌ ကင်းထောက်အဖွဲ့များအား ၁၉၁၆-၁၉၁၇ ခုနှစ်ကပင် စတင်ဖွဲ့စည်းခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

ထို့အပြင် ၁၉၁၆ ခုနှစ်တွင် မြန်မာအမျိုးသမီးကင်းထောက် အဖွဲ့ကို ဗုဒ္ဓကလျာဏယုဝအသင်းက အသင်းသား ၃၀ ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၂၀ ပြည့်နှစ်၌ မြန်မာပြည် ကင်းထောက်အဖွဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ယင်းနှစ် ဖေဖော်ဝါရီလ၌ ကမ္ဘာ့ကင်းထောက်ဖခင်ကြီး ရောဘတ်ဗေဒဲန်ပိုဝဲလ်သည် မြန်မာ ပြည်သို့ အိန္ဒိယမှတစ်ဆင့် ရောက်ရှိခဲ့ရာ ထိုစဉ်က ကမ္ဘာ့ကင်းထောက်ဖခင်ကြီး ရောဘတ်ဗေဒဲန်ပိုဝဲလ်ကို ယုဒသန်ကောလိပ် ကွင်းပြင်၌ ကြိုဆိုပွဲတစ်ရပ် ကျင်းပခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် မြန်မာပြည်ကင်းထောက်အဖွဲ့သည် ဗြိတိသျှဌာနချုပ်၏ သီးခြားအဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဗြိတိသျှကိုလိုနီခေတ်အတွင်း မြန်မာပြည်ရှိ မြို့နယ်အသီးသီး၌ စကောက်ခေါ် ကင်းထောက်များ လှုပ်ရှားမှုအချို့ကို လေ့လာမိသလောက် တင်ပြရပါက ၁၉၂၅ ခုနှစ် အောက်တိုဘာလအတွင်း မုံရွာမြို့ ကင်းထောက်လူငယ်များက အမျိုးသားကျောင်းကြီး မီးဘေးမှ ကာကွယ်ခဲ့ခြင်း၊ ၁၉၂၆ ခုနှစ်တွင် မြင်းခြံမြို့ရှိ အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးထွန်းအောင်က လူငယ်ကင်းထောက်စာဖတ်အသင်း တည်ထောင်ဖွင့်လှစ်ခဲ့ခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင် “မြန်မာကင်းထောက်အစ ရမည်းသင်းအထက်တန်း ကျောင်းက ဟု မှတ်တမ်းတင်ထားသည့် မြန်မာနိုင်ငံ ကင်းထောက်သမိုင်းကို ရမည်းသင်းမြို့ အစိုးရအထက်တန်း ကျောင်း၌ ၁၉၃၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင်ခဲ့ခြင်းပင် ဖြစ်သည်။ ကိုလိုနီခေတ်က ရမည်းသင်းခရိုင်ကို ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ပျဉ်းမနားနှင့် လယ်ဝေးတို့ဖြင့် ၁၈၈၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က တပ်ကုန်းမြို့နှင့် ပျော်ဘွယ် မြို့တို့တွင် အထက်တန်းကျောင်း မရှိသေးသဖြင့် ရမည်းသင်း အထက်တန်းကျောင်းသို့ လာရောက်ပညာသင်ယူကြရသည်။ ရမည်းသင်း အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးစီးကာ ရမည်းသင်း အထက်တန်းကျောင်းတွင် ကင်းထောက်အဖွဲ့ကို ဖွဲ့စည်းပြီး အဆောက်အအုံတစ်ခု ဆောက်လုပ်ကာ ထိုအဆောက်အအုံ၌ လူငယ်များအား ပြုစုပျိုးထောင်ရန် ကင်းထောက်ပညာ ရပ်များကို သင်ကြားပေးခဲ့သည်။

ကင်းထောက်များအား ပြုစုပျိုးထောင်ပေးရာတွင် စာဖတ်ခြင်း၊ အားကစားလေ့ကျင့်ခြင်းနှင့် ပရဟိတလုပ်ငန်းများကို စိတ်ဝင်စားပြီး အများအကျိုး ဆောင်ရွက်လိုသော စိတ်ဓာတ်များ ခိုင်မာလာစေရန် ဆရာ ဆရာမများက သင်တန်းပို့ချပေးခဲ့ ကြခြင်းသည် မြန်မာနိုင်ငံ ကင်းထောက်လုပ်ငန်းအစဖြစ်ပြီး ၁၉၂၀ ပြည့်နှစ်၌ တစ်နိုင်ငံလုံးအထိ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်း နိုင်ခဲ့သည်။ ၁၉၄၂-၁၉၄၅ ခုနှစ် ဂျပန်ခေတ်အတွင်း ဗြိတိသျှတို့ ဖွဲ့စည်းထားသော ကင်းထောက်အဖွဲ့ ရပ်စဲသွားသည်။ ထို့နောက် ၁၉၄၅ ခုနှစ် အောက်တိုဘာလ၌ ဗြိတိသျှဘုရင်ခံ ဒေါ်မန်စမစ် ရောက်ရှိလာခဲ့ရာ ကင်းထောက်အဖွဲ့ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် ကင်းထောက်အမျိုးသမီးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ဘုရင်ခံ၏ကတော် လေဒီရန့်စ်က အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ထိုနှစ်တွင် ဗမာနိုင်ငံ ကင်းထောက်ခေါင်းဆောင်သင်တန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၄၁ ဦး တက်ရောက်ခဲ့သည်။ ၁၉၅၃ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်အား မြန်မာပြည်ကင်း ထောက်အဖွဲ့ နာယကအဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ် သြဂုတ်လ၌ အမျိုးသားကင်းထောက်အဖွဲ့နှင့် အမျိုးသမီး ကင်းထောက်အဖွဲ့တို့ကို ပူးပေါင်းဖွဲ့စည်းခဲ့သည်။ ၁၉၆၄ ခုနှစ် မတ်လ၌ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ကို ဖျက်သိမ်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ လက်ထက်တွင် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာကင်းထောက်အဖွဲ့ကို နိုင်ငံတကာကင်းထောက် ကျင့်ထုံးများနှင့်အညီ ပြန်လည်ဖွဲ့စည်းခဲ့ရာ ပညာရေးဝန်ကြီးဌာနသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ ၂၄ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရန်ကုန်မြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း (လမ်းမတော်) တွင် သင်တန်းသား ၉၈ ဦးတို့ဖြင့် ဗဟိုအဆင့် ကင်းထောက်နည်းပြ သင်တန်းတစ်ရပ် ဖွင့်လှစ်ပို့ချခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ သင်တန်း ကြီးကြပ်မှု ကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း (အလုံ) နှင့် မန္တလေးတိုင်းဒေသကြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ပြင်ဦးလွင်) တို့တွင် ဆဋ္ဌမတန်း ကျောင်းသား ကျောင်းသူ ၁၀ဝ စီတို့ကို ကင်းထောက်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ခဲ့ရာ တစ်နိုင်ငံလုံးတွင် ကျောင်းသား ကျောင်းသူ ၂၀ဝဝ တို့အား ကင်းထောက်လူငယ်များအဖြစ် သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဖြစ်သည်။

ကင်းထောက်ဆောင်ပုဒ် ကတိ(၃)ပါး၊ ကျင့်ဝတ်(၁၀) ပါး

အမှန်စင်စစ် ကင်းထောက်လုပ်ငန်းသည် လူငယ်လူရွယ်လေးများအား ကင်းထောက်စည်းမျဉ်းနှင့် စာရိတ္တကောင်းမွန်ရေး လေ့ကျင့်သင်ကြားပေးပြီး နိုင်ငံအတွက် အဖိုးတန် သားကောင်းရတနာ သမီးကောင်းရတနာများ မွေးထုတ်ပေး နေခြင်းပင်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကင်းထောက်၏ ဆောင်ပုဒ်၊ ကင်းထောက်၏ ကတိ(၃) ပါးမှာ (၁)ကျွန်ုပ် သည် မိမိကိုးကွယ်သော ဘာသာနှင့် တိုင်းပြည်အတွက် အကောင်းဆုံးအလုပ်လုပ်ပါမည်။ (၂) ကျွန်ုပ်သည် သူတစ်ပါးအား အချိန်မရွေး ကူညီပါမည်။ (၃)ကျွန်ုပ်သည် ကင်းထောက် ကျင့်ဝတ် (၁၀)ပါးကို အမြဲလိုက်နာထိန်းသိမ်းရန် စွမ်းအားရှိသမျှ ဆောင်ရွက်ပါမည်ဟု ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ပဓာန ပြု၍ ကတိပြုပါသည်- ဟူ၍ ဖြစ်သည်။

ကင်းထောက်၏ ကျင့်ဝတ်(၁၀)ပါးမှာ (၁) ကင်းထောက် ၏ဂုဏ်သိက္ခာသည် ယုံကြည်စိတ်ချရသည်။ (၂) ကင်းထောက်သည် သစ္စာရှိသည်။ (၃) ကင်းထောက်သည် သူတစ်ပါးကို ကူညီသည်။ (၄) ကင်းထောက်သည် ကမ္ဘာ့နိုင်ငံကင်းထောက်များနှင့် ခင်မင်ရင်းနှီးသည်။ (၅)ကင်းထောက်သည် ယဉ်ကျေးသိမ်မွေ့သည်။ (၆) ကင်းထောက်သည် တိရစ္ဆာန်များကို ကြင်နာသနားတတ်သည်။ (၇) ကင်းထောက်သည် နာခံတတ်သည်။ (၈) ကင်းထောက်သည် အခက်အခဲအပေါင်းကို သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းသည်။ (၉) ကင်းထောက်သည် ချွေတာသည်။ (၁၀) ကင်းထောက်သည် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါး သန့်ရှင်းသည်-ဟူ၍ ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကင်းထောက်အဖွဲ့ဝင် ဦးရေမှာ ၂၄၀ဝဝ ကျော်ရှိပြီး တက္ကသိုလ် ၂၄ ခုတွင်လည်း ဖွဲ့စည်းထားသည်။ ကမ္ဘာ့အကြီးဆုံးလူမှုရေးအဖွဲ့ ခြောက်ခုအနက် ကင်းထောက်လုပ်ငန်းသည် တစ်ခုပါဝင်သည်။ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံပေါင်း ၂၁၂ နိုင်ငံတွင် မြန်မာနိုင်ငံသည် ၁၆၄ နိုင်ငံမြောက် ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်ဖြစ်သည်။ မြန်မာနိုင်ငံကင်းထောက် အမျိုးသား အမျိုးသမီးအဖွဲ့များသည် ၁၉၁၆ ခုနှစ်မှစ၍ ကင်းထောက်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်၌ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ နှစ် ၁၀ဝ ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ တိုးတက်မှုအခြေအနေကို သုံးသပ်ကာ ကမ္ဘာ့ကင်းထောက် လှုပ်ရှားမှုအဖွဲ့က မြန်မာနိုင်ငံ အမျိုးသားကင်းထောက်အဖွဲ့ကို တင်းပြည့်အဖွဲ့ဝင်အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက် နေ့က အတည်ပြုခဲ့သည်။

နိုင်ငံ၏ အနာဂတ်ကို လှပစွာ ပုံဖော်ရန် အစဉ်-အသင့်

ကင်းထောက်လုပ်ငန်းသည် နိုင်ငံရေးနှင့် စစ်ရေးမစွက်ဖက်သည့် မွန်မြတ်သော နိုင်ငံ့သားကောင်းများ ပြုစုပျိုးထောင်ရေးလုပ်ငန်းသက်သက်ဖြစ်သည်။ ထို့အပြင်ကင်းထောက်၏ ဆောင်ပုဒ် “အစဉ်-အသင့် အတိုင်း ကင်းထောက်တစ်ဦးသည် မည်သည့်အခြေအနေမျိုးနှင့် ကြုံတွေ့သည်ဖြစ်စေ မိမိလေ့လာသင်ယူထားသော အတတ်ပညာနှင့် စိတ်ဓာတ်တို့ကို အရင်းခံကာ နိုင်ငံ၏ အနာဂတ်ကို လှပစွာပုံဖော်ရန် အစဉ်-အသင့်ရှိနေကြသည်။ ကင်းထောက်၏ ကြွေးကြော်သံသည် “ ကောင်းမှုတစ်ခုနေ့စဉ်ပြု ဆိုသည့်အတိုင်း မိမိအိမ်၊ မိမိကျောင်း၊ မိမိရပ်ကွက်၊ မိမိမြို့ ၊ မိမိနိုင်ငံအတွက်သာမက မိမိတို့ကမ္ဘာကြီးအတွက်ပါ ကောင်းမှုတစ်ခုခုကို ရှာဖွေ လုပ်ကိုင်နေကြမည်သာဖြစ်သည်။ ။

မြန်မာ့အလင်း