နိုင်ငံခြားဈေးကွက်ဝင် ဖရဲနှင့် သခွားမွှေးသီးနှံ စိုက်ပျိုးခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်များပိုမိုရရှိလာ

ချောင်းဦး ၂၉ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်း နိုင်ငံခြားဈေးကွက်ဝင် ဖရဲနှင့် သခွားမွှေး သီးနှံများကို စိုက်ပျိုးသူ လုပ်ငန်းရှင်များလာခြင်းကြောင့် ဒေသခံပြည်သူ နေ့စားအလုပ်သမားများ အလုပ်ကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်ထံမှ သိရသည်။

 

ဖရဲနှင့်သခွားမွှေးသီးနှံများကို မိုးရာသီနှင့် ဆောင်းရာသီစိုက်ပျိုးမှုများပြီး စိုက်ပျိုးချိန် (၆)လခန့်ကြာမြင့်ကြောင်း၊ တစ်ဧကစိုက်ခင်းတွင် အလုပ်သမား(၄)ဦးကို နေ့စဉ်ငှားရမ်းသုံးစွဲရကြောင်း၊ အလုပ်သမားတစ်ဦးလျှင် ပုံမှန်အလုပ်ချိန် (၈)နာရီထိ လုပ်ရပြီး လုပ်အားခအနေဖြင့် ပုံမှန်လုပ်အားခအပြင် အချိန်ပိုလုပ်အားခအဖြစ် အပိုဆောင်းလုပ်အားခများလည်း ရရှိကြောင်း နေ့စားအလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

 

“ရာသီတစ်ခုလုံးဆို (၆)လလောက် လုပ်ရတယ်၊ ဆောင်းရာသီ၊ နွေရာသီဆို နှစ်ကြိမ်စိုက်ကြတာ၊ ပုံမှန်အလုပ် ချိန်က ၈ နာရီလုပ်ရတယ်၊ အပိုချိန် အလုပ်ခိုင်းတယ်ဆိုရင် တစ်နာရီကို ငွေကျပ် (၅၀၀)ရတယ်၊ အမျိုးသားဆို (၇၀၀)ကျပ်ပေးတယ်၊ အမျိုးသမီးတွေက အသီးတွေကို စတစ်ကာကပ်တယ်၊ ထုပ်ပေးပြီး ဂျပ်ဖာလုပ်တယ်၊ အိတ်စွပ်ပေးတယ်၊ အမျိုးသားတွေကြတော့ အသီးတွေဆွတ်တယ်၊ သယ်ပေးတယ်၊ ဂျပ်ဖာတွေထဲ အသီးတွေထည့်ပြီးရင် ကားပေါ်ကို မတင်ပေးရတယ်”ဟု ချောင်းဦးမြို့နယ်ရှိ သခွားမွှေးစိုက်ခင်းများတွင် နေ့စားအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်သူ ရေစကြိုမြို့နယ် မအူကျေးရွာမှ မသန်းသန်းအေးက ပြောသည်။

 

ယခုနှစ် ဖရဲ၊ သခွားမွှေးသီးနှံစိုက်ရာသီတွင် ချောင်းဦးမြို့နယ်အတွင်း သခွားမွှေးသီးနှံ စိုက်ဧက ၁၀၀၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးတွင် သခွားမွှေးသီးနှံကို ဧက ၃၀၀၀၀ ဝန်းကျင်ခန့် စိုက်ပျိုးကြောင်း၊ ဖရဲသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးတွင် ဧက ၅၀၀၀၀ ကျော်စိုက်ပျိုးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်၏ ပြောကြားချက်များအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)