နိုင်ငံခြားရေးဝန်ကြီးဌာန၏ စိန်ရတုအလွန် ၇၇ နှစ်တာခရီး

စိုးသက်နောင်

စတင်တည်ထောင်ခဲ့သည့်သမိုင်း

၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနတည်ထောင်သည့် (၇၇) နှစ်မြောက် အခါသမယဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးစ ကာလတွင် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာဌာန (Defence and External Affairs Department) ဟူ၍ အတိုင်ပင်ခံအရာရှိတစ်ဦးက တိုက်ရိုက်တာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် သီးခြားဌာနအနေဖြင့် နိုင်ငံခြားရေးရာကိစ္စများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလွတ်လပ်ရေးမရရှိမီ ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် နိုင်ငံခြားရေးရာဌာန (Department of Foreign Affairs) ဟူသောအမည် ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးကြပ်မှုအောက်တွင် အတွင်းဝန်တစ်ဦး၊ ရုံးအုပ်ကြီး တစ်ဦး၊ အထက်တန်းစာရေး သုံးဦး၊ အောက်တန်းစာရေး တစ်ဦး၊ မင်းစေနှစ်ဦး စုစုပေါင်း ၁+၇ ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အတွင်းဝန်မှာ အိုင်စီအက်(စ်) ဦးရွှေဘော်ဖြစ်ပါသည်။ 

ထိုသို့ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တစ်နှစ်ကျော်အကြာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် မေလ ၄ ရက်နေ့တွင် နိုင်ငံခြားရေး ရုံးတော် (Foreign Office) ဟုပြောင်းလဲခေါ်ဆိုခဲ့ပြီး ယခင် အတွင်းဝန်ရာထူးအမည်ကိုလည်း အမြဲတမ်း အတွင်းဝန်ဟု စတင်ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။ ထိုမှ ၁၉ နှစ်အကြာ ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန (Ministry of Foreign Affairs) ဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးမရရှိမီကပင် ပြည်ပနိုင်ငံများနှင့် သံအဆက်အသွယ်များ ထူထောင်ခဲ့ပြီး မြန်မာသံရုံးများ ဖွင့်လှစ်ခဲ့သည့် အပြင် လွတ်လပ်ရေးရရှိစ ၁၉၄၈ ခုနှစ်အစတွင် မြန်မာနိုင်ငံ၌ ပြည်ပနိုင်ငံ ၁၃ နိုင်ငံမှ သံအမတ်ကြီးများ၊ အာဏာကုန်လွှဲအပ်ခြင်းခံရသော သံကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်များ ရှိနှင့်ပြီးဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဖွဲ့စည်းပုံ

နိုင်ငံခြားရေးဝန်ကြီးဌာန၏  ဖွဲ့စည်းပုံများကို ၁၉၇၁ ခုနှစ်တွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာန ငါးခု၊ ၁၉၇၄ ခုနှစ်တွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာန ငါးခု အမည်များပြောင်းလဲခြင်း၊ ၁၉၉၇ ခုနှစ်တွင် လက်ရှိဖွဲ့စည်းပုံဖြစ်သော ဝန်ကြီးရုံးနှင့်ဦးစီးဌာန ခုနစ်ခုဖြင့် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ဖွဲ့စည်းပုံအရ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်တွင် ပြည်ပမြန်မာ သံရုံး ၃၈ ရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး သုံးရုံး နှင့် ကောင်စစ်ဝန်ချုပ်ရုံး ၁၁ ရုံး ဖွဲ့စည်းထားရှိပြီး ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် ၂၀ ကိုလည်း ခန့်ထားဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ထားရှိပါသည်။  လွတ်လပ်ရေးအကြို ကာလတွင် ၁+၇ ဦးဖြင့်စတင်ခဲ့သော နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ယခုဆိုလျှင် ဦးစီးဌာနကြီး ရှစ်ခုနှင့် ပြည်ပသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံးဖြင့် နိုင်ငံတော်၏နိုင်ငံခြားရေးမူဝါဒကို  အောင်မြင်အောင် ဖော်ဆောင်လျက်ရှိပါသည်။
ဖွဲ့စည်းပုံအရ ကမ္ဘာ့နယ်မြေများကိုပိုင်းခြား၍ သက်ဆိုင်ရာနယ်ပယ်အလိုက် နိုင်ငံကို ကိုယ်စားပြု ပြီး ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတော်၏ နိုင်ငံခြားရေး မူဝါဒကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်၊ မိမိတို့နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ပြီး လိုအပ်သောဦးစီးဌာနများကို ကျစ်လျစ်စွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပြည်ပနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ဦးစားပေးရသည့်  ဝန်ကြီးဌာနဖြစ်သည့်အတွက် နိုင်ငံအတွင်း နေပြည်တော်တွင် မိခင်နိုင်ငံခြား ရေးဝန်ကြီးဌာနတည်ရှိပြီး  ရန်ကုန်မြို့တွင် မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ရုံးခွဲတစ်ခုဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးကို ခေတ်အဆက်ဆက်  အောင်မြင်စွာသယ်ပိုး ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနပင်ဖြစ်သည်။ ပြည်ပရှိ သံရုံး၊ ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ကောင်စစ် ဝန်ချုပ်ရုံး ၅၂ ရုံးမှနေ၍ နိုင်ငံတော်နှင့်နိုင်ငံသားတို့အကျိုးကို ရှေ့တန်းခံစစ်စည်းမှ ကာကွယ်ပေးနေ သော ဝန်ကြီးဌာနဆိုလျှင် မှားမည်မဟုတ်ပေ။
 
သမိုင်းတစ်လျှောက်တွင် စစ်ပွဲများကို ရှောင်လွှဲနိုင်စေရေး၊ စစ်ပြေငြိမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိစေရေးအတွက် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ သံတမန်ရေး နည်းလမ်းများကို အသုံးပြုခဲ့ကြပြီး ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းများကို သိမ်မွေ့ညင်သာစွာ ရှောင်ရှားဖြေရှင်းဆောင်ရွက်လျက်ရှိရာ သားကောင်းတမန်များဖြင့် သံတမန်များ ဆောင်ရွက်လျက်ရှိသော သံတမန်ရေးရာဟူသည် Diplomacy is the first line of defence ဟုဆိုသည့်အတိုင်း ပထမဆုံး ခံစစ်စည်းမှနေ၍ ခေတ်အဆက်ဆက်နိုင်ငံတော်နှင့် နိုင်ငံသားအကျိုး၊  အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်၍ အောင်မြင်စွာတာဝန်ထမ်းဆောင် လျက်ရှိသော နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်ခဲ့သည်မှာ ယခုနှစ်မတ်လ ၁၇ ရက်နေ့ဆိုလျှင် (၇၇) နှစ်မြောက်တိုင်ခဲ့ပြီဖြစ်ပါသည်။ 

နိုင်ငံခြားရေးမူဝါဒ

နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ၏ ပြည်တွင်း မူဝါဒများချမှတ်၍ ဆောင်ရွက်သည့်အပြင် ပြည်ပနိုင်ငံများနှင့်ဆက်ဆံရေးအတွက် မတူညီကွဲပြား ခြားနားသော နိုင်ငံခြားရေးမူဝါဒများကို နိုင်ငံတော်အကျိုး အဓိကအားဖြင့် အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းစေမှုအပေါ် မူတည်ပြီး အချက် (၃) ချက် အပေါ်အခြေခံ၍ ချမှတ်လေ့ရှိသည်။ မြန်မာနိုင်ငံသည်လည်း  နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများနှင့်ဆက်ဆံရမည့် နိုင်ငံခြားရေးမူဝါဒများကို ခေတ်အလိုက်ပြောင်းလဲ ကျင့်သုံးချမှတ် အကောင်အထည်ဖော်ခဲ့သည်မှာ ယခုဆိုလျှင် (၇၇) နှစ်မြောက်ရှိခဲ့ပြီဖြစ်သည်။ 

နိုင်ငံများသည်  နိုင်ငံခြားရေးမူဝါဒများကို မိမိနိုင်ငံ၏အကျိုးစီးပွားအပေါ် အဓိကအခြေခံ၍ အမျိုးသားရေးမဟာဗျူဟာဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ကြပါသည်။ အမျိုးသားရေး မဟာဗျူဟာဆိုသည်မှာ မိမိနိုင်ငံ၏ရည်မှန်းချက် များ အောင်မြင်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စွမ်းအားများကို ယုံကြည်စိတ်ချရသော နည်းလမ်းများ၊ လုပ်ဆောင်နိုင်စွမ်းများဖြင့် ချင့်ချိန်လုပ်ကိုင် သောလုပ်ငန်းစဉ်ဖြစ်သည်။ နိုင်ငံခြားရေးမူဝါဒအား အကောင်အထည်ဖော်ရာတွင် လက်တွေ့ဖော်ဆောင် နိုင်သောရည်မှန်းချက်များနှင့်  နိုင်ငံ၏တည်ရှိပြီး ဖြစ်သောစွမ်းအားစုများပေါ်တွင်  အခြေပြု၍ အောက်ပါအချက် (၃) ချက်အနက် တစ်ရပ်ရပ်ကို ရွေးချယ်၍ ချမှတ်လေ့ရှိပါသည်-

(က) သီးသန့်တစ်ဦးတည်းရပ်တည်နေရေး

(ခ) ဘက်မလိုက်ရေး

(ဂ) နိုင်ငံအချင်းချင်းဘက်လိုက်ပူးပေါင်းရေး

မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်တွင် “အပြုသဘောဆောင်သည့် ကြားနေရေးမူဝါဒ”(Positive Neutrality and Non-Aligned Policy)၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် “လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ” (Independent Foreign Policy)၊ ၁၉၈၁ ခုနှစ်တွင် “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒ” (Independent and Active Foreign Policy)၊၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” (Independent, Active and Non-Aligned Foreign Policy)ကို ကျင့်သုံးမည်ဟူ၍ အတိအလင်း ဖော်ပြထားပြီး  နိုင်ငံခြားရေးဝန်ကြီးဌာနမှနေ၍ အဆိုပါမူဝါဒကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်လျက်ရှိပါသည်။

ထိုသို့  အကောင်အထည်ဖော်ဆောင်ရာတွင် နှစ်နိုင်ငံအကြား (bilateral)၊ ဒေသတွင်း (regional) နှင့် အပြည်ပြည်ဆိုင်ရာ (multilateral/ international) တို့တွင် သံတမန်ဆက်ဆံရေး နည်းလမ်းများဖြစ်သော Public Diplomacy၊ Summit Diplomacy Visit Diplomacy တို့ကို အသုံးပြု၍ ကုန်သွယ်ရေး၊ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ စစ်ရေးနှင့် အခြားပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်နိုင်အောင် နိုင်ငံခြားရေးဝန်ကြီး ဌာန သံတမန်များက အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ခေတ်အဆက်ဆက် နိုင်ငံ၏ နိုင်ငံရေးမူဝါဒများ မည်သို့ပင်ပြောင်းလဲစေကာမူ သံတမန်များအနေဖြင့် ရှေ့တန်းခံစစ်စည်းမှ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အောင်မြင်အောင် ထမ်းဆောင်လျက်ရှိသည်။ ထိုသို့ထမ်းဆောင်သူများတွင် ရှင်ဒိသာ ပါမောက်နှင့်အတွင်းရေးမှူးချုပ် ဦးသန့်ကဲ့သို့သော သံတမန်များ အပါအဝင် များပြားလှစွာသောသားကောင်းတမန် များသည် နိုင်ငံနှင့်လူမျိုးအတွက်  ကြိုးပမ်း ဆောင်ရွက်ခဲ့သည့်  သမိုင်းမှတ်တမ်းကောင်းများ ရှိသကဲ့သို့ သန္ဓေမမှန်သော နိုင်ငံတော်၊ ပြည်သူနှင့် အစိုးရတို့အပေါ် သစ္စာချိုးဖောက်ပြီး မိမိကိုယ်ကျိုး အတ္တကို ရှေ့တန်းတင်၍ ထွက်ပြေးသွားခဲ့သော ဝန်ထမ်းပြေးများကိုလည်း  ခေတ်အဆက်ဆက် ရင်ဆိုင်ဖြတ်သန်းရင်း  စိန်ရတုကျော်ကာလတိုင်အောင်  နိုင်ငံခြားရေးဝန်ကြီးဌာနက အောင်မြင်စွာရပ်တည်လျက်ရှိပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အမိမြန်မာ နိုင်ငံတော်၏ နိုင်ငံ့ဝန်ထမ်းသားကောင်းတမန်များအဖြစ်  တာဝန်ထမ်းဆောင်လျက်ရှိရာတွင် ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ကို အခြေခံ၍ နိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ ပကတိ အခြေအနေမှန်များကို သံတမန်ဆက်ဆံရေး နည်းလမ်းများမှတစ်ဆင့် နိုင်ငံတကာသို့အသိပေး၍ နိုင်ငံအပေါ်သက်ရောက်လာသော ဖိအားမျိုးစုံကို ရင်ဆိုင်အန်တုရင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင် လျက်ရှိသောဝန်ထမ်းကောင်းများကိုလည်း အသိအမှတ်ပြုလေးစားရပါသည်။
အချုပ်အခြာအာဏာပိုင်ဆိုင်သော လွတ်လပ်သော မည်သည့်နိုင်ငံမဆို၊ လူဦးရေအနည်းအများ၊ စစ်ရေး/ စီးပွားရေး ကြွယ်ဝအားနည်းမှုတို့မှာ ပဓာနမဟုတ်ဘဲ တန်းတူရည်တူဆက်ဆံဆောင်ရွက် ခွင့်ကို မျက်ကွယ်ပြု၍ နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်း ရေးကို မသိမသာတစ်မျိုး၊ ပြောင်ပြောင်တင်းတင်း တစ်ဖုံချိုးဖောက်၍ ဝင်ရောက်စွက်ဖက်လျက်ရှိသောနိုင်ငံများသည်လည်း ဝိပါကကို မလွန်ဆန်နိုင်ဘဲ တူညီသော တန်ပြန်သက်ရောက်မှုများ ပြန်လည် ခံစားရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော  နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတကာရေးရာများနှင့် ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုများကို  မျက်ခြည်မပြတ် လေ့လာပြီး နိုင်ငံတော်နှင့်  အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရေးတာဝန်များကို ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန သမိုင်းတစ်လျှောက် အုပ်စုအားပြိုင်မှု၊ မဟာဗျူဟာနှင့် စစ်လက်နက် ပစ္စည်းများအားပြိုင်မှု၊ စီးပွားရေးအားပြိုင်မှုနှင့် နိုင်ငံတကာဖိအားများကြား ပဲ့ပြားပင်ကဲ့သို့ ကျင့်ကြံ၍ စိန်ခေါ်မှုမျိုးစုံကို သံတမန်ရေးလမ်းကြောင်းမှ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်မှာ ယနေ့တိုင် ပင်ဖြစ်ပါသည်။ နိုင်ငံတကာ၊ ဒေသတွင်းနှင့် နိုင်ငံများနှင့် ဆက်ဆံရေးတွင် မိမိနိုင်ငံ၏ နိုင်ငံရေး အခြေအနေများအရ သက်ရောက်လာသော ဖိအားပေးမှုများကို ကြံ့ကြံ့ခံကာကွယ်ဆောင်ရွက်လျက် ရှိသောဝန်ကြီးဌာနမှာ စိန်ရတုကျော်ကာလတိုင် ကျော်လွှားနိုင်ခဲ့သည်ကိုလည်း မှတ်ကျောက်တင် ရမည်ဖြစ်သည်။

ပြောင်းလဲလာသည့် ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးအရ အရေးပါလာသော အရှေ့တောင်အာရှဒေသသို့ ကမ္ဘာ့နိုင်ငံများက နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက် လျက်ရှိရာ အဆိုပါဒေသအတွင်း ပထဝီနိုင်ငံရေးအရ အချက်အချာကျပြီး ဒေသတွင်း မဟာဗျူဟာအခင်း အကျင်းတွင် အဓိကနေရာ၌ရှိသော မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုနှင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်လိုသော စိန်ခေါ်မှုများစွာကို စုပေါင်းစွမ်းအားဖြင့် ရင်ဆိုင်ကျော်ဖြတ်မှသာ နိုင်ငံအကျိုး၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရာရောက်မည်ဖြစ်ပါသည်။ အဆိုပါတာဝန် များကို ထမ်းဆောင်နေသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ သားကောင်းတမန်များ၏ စွမ်းရည်ပြည့်ဝမှု မရှိပါက ပထမဆုံးခံစစ်စည်းကျိုးပေါက်၍ အချုပ်အခြာအာဏာကို ထိခိုက်စေသောအဖြစ်မျိုးသို့ အချိန်မရွေး ရောက်ရှိသွားမည်ဖြစ်သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏အခန်းကဏ္ဍမှာ  အထူးပင် အရေးကြီးသည်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။

အနုတ်သဘောဆောင်သော မိမိနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖိအားပေး၍ ထိပ်တိုက်ရင်ဆိုင်မှု၊ စိန်ခေါ်မှုများကို အပြုသဘော ဆောင်သော စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းများဖြင့် ရှေ့တန်းခံစစ်စည်းမှကာကွယ်၍ တာဝန်ကိုကျေပွန် အောင်ဆောင်ရွက်ရမည်မှာ နိုင်ငံခြားရေးဝန်ကြီး ဌာန၏ဝန်ထမ်းများဖြစ်သော သားကောင်းတမန် များ၏ အဓိကတာဝန်ပင်ဖြစ်ပါသည်။ ပထမဦးဆုံး သော ခံစစ်စည်းမကျိုးပေါက်စေရေး ခေတ်အဆက် ဆက် အောင်မြင်စွာဖြင့် ကာကွယ်စောင့်ရှောက်နေကြသည့် သားကောင်းတမန်များ၏ စွမ်းရည် ပြည့်ဝမှသာ အခြားနည်းများဖြင့် ဖြေရှင်းရသည့် အဆင့်သို့ မရောက်ရှိစေရန် ဆောင်ရွက်နိုင်မည် ဖြစ်ရာ စွမ်းရည်ပြည့်ဝ၍ သံတမန်ရေးကြွယ်ဝစွာဖြင့် နိုင်ငံ၏ ပုံရိပ်ကောင်းဖြစ်စေရေးအတွက် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ တာဝန်ပင်ဖြစ်ပါသည်။

ရှေးယခင်အစဉ်အဆက် သတ်မှတ်လက်ခံ ကျင့်သုံးခဲ့သည့်  သံတမန်ကြန်အင်လက္ခဏာနှင့် အရည်အချင်းပြည့်စုံရမည်သာမက  ခေတ်နှင့် ညီသော သံတမန်အရည်အသွေးများ ရှိနေစေရန် ကြိုးပမ်းဆောင်ရွက်ရမည်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏တာဝန်ဖြစ်ပြီး  ထိုသို့ ဆောင်ရွက်ခြင်းမှာ  နိုင်ငံနှင့် ပြည်သူအကျိုးကို ဆောင်ရွက်သယ်ပိုးခြင်းပင်ဖြစ်ပါသည်။ နိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှု  သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲ၍ ပေါ်ပေါက်လာသောဝင်ရောက်စွက်ဖက်မှုနှင့် ဖိအားပေးမှုများအပြင် ပြည်တွင်းရှိ မတူညီ သောလူမျိုးစု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ကိုးကွယ် သည့်ဘာသာနှင့် ယုံကြည်ချက်ခံယူမှုများကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာသော ပဋိပက္ခများအပေါ် ပြည်ပမှဝင်ရောက်ခြယ်လှယ်မှု ဖိအားပေးမှုများကို ရှေ့တန်းခံစစ်စည်းမှနေ၍ ဖိအားနှင့်စိန်ခေါ်မှုများလျော့ကျစေရေးအတွက် သံခင်းတမန်ခင်းကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစဉ်အလာကောင်းတစ်ရပ်ပင် ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဖြတ်သန်းလာသည့် ၇၇ နှစ်တာခရီးတွင် မျက်နှာစာပေါင်းများစွာမှ ဝင်ရောက်လာသည့် နိုင်ငံတကာဖိအားများစွာကို ရင်ဆိုင်ခဲ့ရသည့်အကြိမ်ပေါင်းမှာ မရေမတွက်နိုင် အောင် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ပြည်ပအင်အားကြီးနိုင်ငံများ၏ ပြည်ပအဓိက ပို့ကုန်ဖြစ်သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ဟူသည်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ခေတ်အဆက်ဆက် အဓိကရင်ဆိုင်ဖြေရှင်းနေရ သော မရိုးနိုင်သည့် ဓာတ်ပြားဟောင်းကြီးများပင် ဖြစ်သည်။ ခက်ခဲသောအခြေအနေမျိုးစုံကို ရင်ဆိုင် ကျော်လွှားခဲ့ပြီး ယနေ့အထိ နိုင်ငံအတွက် ရှေ့တန်း မျက်နှာစာမှနေ၍ Diplomacy is the first line of defence ဟူသောခံယူချက်ဖြင့် နိုင်ငံနှင့်လူမျိုး အကျိုး၊ အမျိုးသားအကျိုးစီးပွားအတွက် Never give an inch စိတ်ဓာတ်အခြေခံကာ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော  နိုင်ငံခြားရေးဝန်ကြီး ဌာန၏ တည်ထောင်မှု(၇၇)နှစ်ပြည့်မြောက်မှသည် ထာဝရအဓွန့်ရှည်တည်တံ့ခိုင်မြဲစွာဖြင့်  ပေးအပ်သောတာဝန်များကို  ဆတက်ထမ်းပိုးထမ်းရွက် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။     ။

ကျမ်းကိုး-၂၀၁၁ ခုနှစ်ထုတ် နိုင်ငံခြားရေးဝန်ကြီးဌာနသမိုင်းနှင့်ဆောင်ရွက်ချက်