နိုင်ငံချစ်စိတ်ဖြင့် အဖျက်အန္တရာယ်ဖယ်ရှား

 

 

မျက်မှောက်ကာလတွင် ပြည်ထောင်စုမြန်မာနိုင်ငံအား ပျက်စီးယိုယွင်းအောင် အဘက်ဘက်မှ နှောင့်ယှက် ဖျက်ဆီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေး၊ စစ်ရေးသာမက စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတို့မှပါ အခွင့်အရေး ရလျှင်ရသလို၊ အကြောင်းပေါ်လျှင်ပေါ်သလို နှောင့်ယှက်ဖျက်ဆီးကြသူများရှိနေသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အနှောင့်အယှက် အဖျက်အဆီးများသည် ယခုမှသာမဟုတ် လွတ်လပ်ရေးမရမီမှစ၍ သမိုင်းတစ်လျှောက်လုံးတွင် ကြုံတွေ့ခဲ့ရသည်။

 

ကြုံတွေ့ခဲ့သော အနှောင့်အယှက် အန္တရာယ်ရန်စွယ်အသီးသီးကို တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူများ အတူပူးပေါင်းလက်တွဲပြီး တွန်းလှန်ဖယ်ရှားနိုင်ခဲ့သဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အဖြစ် အဓွန့်ရှည်တည်တံ့ ခိုင်မြဲနေခြင်းဖြစ်သည်။ ပြည်ထောင်စုကြီးကို တပ်မတော်က ကာကွယ် စောင့်ရှောက်နေသလို အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတော်ကြီးအဖြစ် အဓွန့်ရှည်ထည်ဝါစွာ ရပ်တည်နိုင်ရန်အတွက် ပြည်ထောင်စုသားအားလုံးတို့က ထာဝစဉ်ညီညီညွတ်ညွတ်ပူး ပေါင်းလက်တွဲ ဆောင်ရွက် ကြရမည် ဖြစ်သည်။

 

မိမိနိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက်သူတစ်ပါးမှ မည်မျှကောင်းသည်ဖြစ်စေ မိမိတို့သာလျှင် ကောင်းခြင်း၊ မကောင်းခြင်း အကြောင်းရင်းခံရှိပေသည်။ လူ့အဖွဲ့အစည်းတိုင်းသည် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးပြီး ဖြစ်ထွန်းလာခဲ့သည်ချည်းပင်ဖြစ်သည်။ ကောင်းမွေဆိုးမွေများကို အားလုံးအတူတကွ ခံစားကြရပေသည်။ အဓိကမှာ စည်းလုံးညီညွတ်ခြင်းပင်ဖြစ်သည်။ ဤမြေတွင်နေ၊ ဤရေကို အတူတကွသောက်သုံးကြရသဖြင့် “ငါ့နိုင်ငံအတွက်” ဟူသောစိတ်ထား ကိုယ်စီရှိရုံမျှဖြင့် ဤနိုင်ငံသည် အလျင်အမြန်ပြောင်းလဲသွားနိုင်ပေသည်။ သို့သော် ငါဟူသည့် အတ္တစိတ်များဖြင့် ခရီးဆက်နေပါလျှင် မည်သည့်အခါမျှ အောင်မြင်မှု မရနိုင်ဘဲ အဆိုးသံသရာတွင် လည်နေမည် ဖြစ်သည်။

 

မြန်မာ့နိုင်ငံရေးခရီးတွင် ပြည်တွင်း၊ ပြည်ပမှ အမျိုးသားသစ္စာဖောက်များနှင့် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှု အန္တရာယ်များ မကြာခဏပေါ်ပေါက်လေ့ရှိပါသည်။ မျက်မှောက်ကာလတွင် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် EAO အဖွဲ့အချို့၏ နှောင့်ယှက်ဖျက်ဆီးမှုများနှင့် ပြည်ပလက်ဝေခံ ပြည်တွင်း ပြည်ပမီဒီယာများ၏ နှောင့်ယှက်မှုများကို မြင်တွေ့ ကြားသိကြရမည်ဖြစ်သည်။ မြေပြင်တွင် တိုင်းပြည်ကို ထိပါးနှောင့်ယှက်နေသည့် အန္တရာယ်များကို တပ်မတော်က ရှင်းလင်းဖယ်ရှားနေပြီး လေလှိုင်းပေါ်တွင် ထုတ်လွှင့်နေသည့် မဟုတ်မမှန် သတင်းများကို အသိတရားဖြင့် သတိထားဆင်ခြင်ကြရမည်ဖြစ်သည်။

 

လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့မြောက်ဘက်၊ ကယားပြည်နယ်နှင့်အချို့ဒေသများ၌ လက်နက်ကိုင်သောင်းကျန်းမှုများကို တပ်မတော်သားများက ရွပ်ရွပ်ချွံချွံ ချေမှုန်းရှင်းလင်း ဖယ်ရှားလျက်ရှိပြီး နယ်မြေဒေသ စိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ နယ်မြေဒေသအသီးသီးတွင် နိုင်ငံတော်၏အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ နယ်မြေလုံခြုံရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဆက်စပ်မဟာမိတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အားလုံးကို နိုင်ငံတော် က အသိအမှတ်ပြုသလို တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးကို လိုလားကြသည့် တိုင်းရင်းသား ပြည်သူများကလည်း ကျေးဇူးတင်လျက်ရှိသည်။

 

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးကို နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိနေချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်စဉ်များကို ပြည်ဖျက်မီဒီယာများနှင့် အမျိုးသားသစ္စာဖောက် များက ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင်၊ စိုးရိမ်ပူပန်မှုဖြစ်အောင် မမှန်သတင်းများ၊ ပုံကြီးချဲ့ကား သတင်းများအား အဆက်မပြတ် ထုတ်လွှင့်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ပြည်သူတို့၏ လူမှုစီးပွားဘဝ၌ ဂယက်ရိုက်ခတ်မှုများဖြစ်လာအောင် စက်သုံးဆီများ ပြတ်လပ်နေပြီဖြစ်ကြောင်း၊ ဒေါ်လာငွေများ ရောင်းချပေးခြင်းမရှိတော့ကြောင်း မမှန်သတင်းများ၊ ကောလာဟလသတင်းများ ထုတ်လွှင့်ပေးနေသည်ကို ကြားသိကြရမည်ဖြစ်သည်။

 

လက်ရှိကာလ၌ ရှမ်းပြည်နယ်အရှေ့မြောက်ဘက်၌ ဖြစ်ပွားနေသည့်တိုက်ပွဲ များကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ရပ်တန့်နေသည်မှအပ ကျန်ဒေသများနှင့် လုပ်ငန်းနယ်ပယ်များ၌ ပုံမှန်စီးဆင်းလည်ပတ်လျက်ရှိသည်။ လက်ရှိအချိန်ကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး စသည့်ဘက်ပေါင်းစုံမှ နည်းလမ်းအမျိုးမျိုးဖြင့် ထိုးနှက်တိုက်ခိုက်နေချိန်တွင် သတင်းအမှားများထုတ်လွှင့်ပြီး တိုင်းပြည်ပျက်စီးအောင်၊ ထိခိုက်နစ်နာအောင် ကြံစည်အားထုတ်နေမှုများကိုလည်း ပြည်သူများအနေဖြင့် အထူးသတိပြုကြရမည်ဖြစ်သည်။ တစည်းတလုံးတည်း စုစည်းနေထိုင်သော ပြည်ထောင်စုကြီးကို တစ်စစီပြိုကွဲစေရန်အတွက် ဆောင်ရွက်နေသည့် သားရဲအန္တရာယ်များကို တိုင်းပြည်ချစ်စိတ်၊ ညီညွတ်စိတ်ဖြင့် တွန်းလှန် တိုက်ဖျက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများ နှစ်ပေါင်းထောင်ချီ အေးအတူ ပူအမျှ အတူတကွစုစည်းနေထိုင်လာကြသည့် ပြည်ထောင်စုကြီးပြိုကွဲအောင် နှောင့်ယှက်ဖျက်ဆီးနေသည့် အဖျက်အမှောင့်အန္တရာယ်ဟူသမျှတို့ကို တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲပြီး တိုက်ဖျက် ကာကွယ် သွားကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ