နိုင်ငံကိုအစဉ်ကာကွယ်စောင့်ရှောက် စွမ်းရည်ထက်မြက်သည့်တပ်မတော်

မတ် ၂၅၊ ၂၀၂၂

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်းထောင်ချီ အေးအတူ ပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြသည်။ နှစ်ပေါင်းထောင်ချီကာလအတွင်း တိုင်းပြည် အန္တရာယ်ရန်စွယ်များကို တိုင်းရင်းသား လူမျိုးများသည် သတ္တိစွမ်းရည်ပြည့်ဝစွာဖြင့် အတူပူးပေါင်းလက်တွဲ တွန်းလှန်ကာကွယ်ခဲ့ကြသည်။ ၁၉ ရာစု ကာလတွင် ကမ္ဘာကြီးသည် တိုးတက်ပြောင်းလဲလာခဲ့သည်။

မြန်မာနိုင်ငံတွင် ဓားလှံလက်နက်များ ကိုင်စွဲအသုံးပြုနေချိန်တွင် ဥရောပမှ နယ်ချဲ့နိုင်ငံများက သေနတ်လက်နက်များအသုံးပြုလာကြသည်။ မြန်မာနိုင်ငံ ကာကွယ်ရေးတွင် ခေတ်မမီနောက်ကျ ကျန်နေသောကြောင့် ကျူးကျော်နယ်ချဲ့ လာသော ရန်သူတို့ကိုရင်ဆိုင်ရာ၌ အရှုံးပေး ခဲ့ကြရသည်။ ဓားကိုဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ခဲ့ရာ၌ မြန်မာတို့သည် အောင်ပွဲ အလီလီရခဲ့သော်လည်း လက်နက် အင်အား မမျှတသောအခါ အရှုံးနှင့်ရင်ဆိုင်ကြရသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ၊ တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ စစ်ပွဲသုံး ကြိမ် ရှုံးနိမ့်ပြီးနောက် မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့သည်။

ကိုလိုနီကျွန်ဘဝမှ လွတ်မြောက်ရန်အတွက် ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများ၏ အသက်၊ သွေး၊ ချွေး မြောက်မြားစွာပေးဆပ်ခဲ့ရသည်။ မျိုးချစ်လူငယ်များသည် နယ်ချဲ့တို့ကို တွန်းလှန် ရန်အတွက် တိုင်းတစ်ပါးအကူအညီယူခဲ့ ပြီးနောက် ဗမာ့တပ်မတော်ကို ဖွဲ့စည်း ထူထောင်ခဲ့သည်။ တစုတစည်းတည်းသော တပ်မတော်တစ်ရပ်ထူထောင်ပြီးသောအခါ တိုင်းရင်းသား ပြည်သူများ၏ စည်းလုံး ညီညွတ်သောအားဖြင့် နယ်ချဲ့တို့ကို တွန်းလှန် တိုက်ထုတ်နိုင်ခဲ့သည်။ တိုင်းရင်း သားပြည်သူများ၏ စည်းလုံးညီညွတ်သောအားဖြင့် လွတ်လပ်ရေးကို ရယူခဲ့ကြသည်။

တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းထူထောင်ထားသော တပ်မတော်သည် ပြည်တွင်း ပြည်ပရန်စွယ် အန္တရာယ်များကို တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။ အတိတ်တစ်ချိန် ကကမ္ဘာကြီး၏ တိုးတက်ပြောင်းလဲမှုကို အမီမလိုက်ပါနိုင်သဖြင့် လက်နက်အင်အားချင်းမမျှ ရှုံးခဲ့ရမှုများမှာ သင်ခန်းစာယူဖွယ်ဖြစ်သည်။ မျက်မှောက်ကာလတွင် ကမ္ဘာကြီးသည် နေ့စဉ်နှင့် အမျှ ပြောင်းလဲ တိုးတက် လျက်ရှိသည်။ မြန်မာနိုင်ငံသည် အဘက်ဘက်တွင် နောက်ကျကျန် နေဆဲဖြစ်သည်။ စက်မှုသိပ္ပံနှင့်နည်းပညာများ တစ်ဟုန်ထိုးတိုးတက်ဖြစ်ထွန်းလာကြသည်။ နိုင်ငံကာကွယ်ရေး တွင် ခေတ်မီနည်းပညာများနှင့် ကာကွယ်ရေးစွမ်းအားများကို မြှင့်တင် လာကြသည်။

နိုင်ငံကြီးသည်၊ ငယ်သည် အင်အားကောင်းသည်  နည်းသည်မဟူ နိုင်ငံ့ကာကွယ်ရေးဘက်တွင် အဆင့်မြှင့်တင်နေကြသည်။ အင်အားတောင့်တင်းခိုင်မာသော ခေတ်မီတပ်မတော်ဖြစ်အောင် တည်ဆောက်နေကြသည်။ အင်အားတောင့်တင်းခိုင်မာပြီး စွမ်းအားမြင့်သည့် တပ်မတော်တစ်ရပ် ထူထောင်ထားသည့် နိုင်ငံအား မည်သည့်နိုင်ငံကမျှ မထီမဲ့မြင်မပြုဝံ့ပေ။ ရန်စစော်ကားမှုလည်း မပြု လုပ်ဝံ့ပေ။ ပြုလုပ်လာလျှင်လည်း ပြတ်ပြတ်သားသား တုံ့ပြန်နိုင်သည်ကို မြင်တွေ့နေရသည်။ မြန်မာနိုင်ငံသည် တိုင်းပြည်ကာကွယ်ရေးနှင့်ပတ်သက်၍ သင်ခန်းစာ များစွာရရှိခဲ့ပြီးဖြစ်သည်။ အဓိကမှာ အင်အားတောင့်တင်းခိုင်မာသော တပ်မတော် ဖြစ်ဖို့လိုသည်။ စွမ်းရည်ထက်မြက်သည့် ခေတ်မီတိုးတက်သော တပ်မတော်တစ်ရပ် ဖြစ်လာအောင် တည်ဆောက်ရန်လိုသည်။ မျက်မှောက် ကာလ ပထဝီနိုင်ငံရေး အခြေအနေများ အရ ခေတ်မီတပ်မတော် မဖြစ်မနေထူထောင်ရမည်ဖြစ်သည်။

ယနေ့ကာလတွင် တပ်မတော်အင်အား တောင့်တင်းခိုင်မာရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်(ကြည်း)ကို standard Army အဖြစ် ဘက်ပေါင်းစုံ မဟာဗျူဟာ မြောက်တည်ဆောက်လျက်ရှိသည်။ တပ်မတော် (ရေ)ကိုလည်း ရေငုပ်သင်္ဘောများ ပါဝယ်ယူဖြည့်တင်းပေးပြီး တပ်မတော်သမိုင်းတွင် ကမ္ပည်းမော်ကွန်းရေးထိုးရမည့် မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ အမိနိုင်ငံတော်၏ဝေဟင်ပိုင်နက်၊ မြေပြင်ပိုင်နက်၊ ရေပြင် ပိုင်နက်တို့ကို ထိရောက်စွာကာကွယ်စောင့်ရှောက်ပေးနိုင်ရန် စွမ်းအားမြှင့်ဘက်စုံသုံး လေယာဉ် များ၊ ရဟတ်ယာဉ်များ ဝယ်ယူဖြည့်တင်းပေးပြီး တာဝန်ထမ်းဆောင် နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် တပ်မတော်အင် အားတောင့်တင်းခိုင်မာမှုသည် မရှိလျှင်မဖြစ်သည့် အဓိကစွမ်းအားစုဖြစ်သည်။ မြန်မာ့ သမိုင်းတွင် တပ်မတော်အင်အား တောင့်တင်း ခိုင်မာမှုမရှိသဖြင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည့် သင်ခန်းစာရရှိခဲ့ပြီးဖြစ်သည်။ မျက်မှောက်ကာလတွင်လည်း တပ်မတော်၏ အင်အားကို သွေးထိုးစမ်းလိုသည်များ ရှိနေသည်။ သို့ဖြစ်ရာ တပ်မတော်ကို စွမ်းရည်ပြည့်ဝသည့် ခေတ်မီတပ်မတော်အဖြစ် ယခုအခါတည်ဆောက်နေပြီဖြစ်၍ ကျရောက်လာမည့် မည်သည့်ရန် စွယ်အန္တရာယ် ကိုမျှ အမှုမထားဘဲ ရှင်းလင်းဖယ်ရှားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ