မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် စတင်အသိအမှတ်ပြုခဲ့သည့် ၁၉၉၇ ခုနှစ်မှ စတင်၍ အာဆီယံ၏လုပ်ငန်းစဉ်များကို အာဆီယံတူညီဆန္ဒများနှင့်အညီ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် တာဝန်ယူမှုရှိသော အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ၏ ယန္တရားများနှင့် လှုပ်ရှားမှုများအတွက် နှစ်စဉ်ထည့်ဝင်ငွေများ ပေးဆောင်ခြင်းအပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားများကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။

 

သို့သော် လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအချို့၏ သဘောထားဖြင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ၊ ကန့်သတ်မှုများ၊ တန်းတူကိုယ်စားပြုမှုကို ချန်လှပ်ထားမှုများ ပြုလုပ်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် မျက်မှောက်ကာလ ပထဝီနိုင်ငံရေး အခြေအနေအရ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၌ ပြင်ပပယောဂများ ပူးဝင်ကပ်ငြိနေသည်ကို တွေ့ရမည်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး အာဆီယံအဖွဲ့ကြီး၏ မူလချမှတ်ထားသော ပဋိညာဉ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထိုစဉ်ကအာဏာရအစိုးရက မဲမသမာမှုများ ဆိုးရွားစွာပြုလုပ်ခဲ့ပြီး မသမာသောနည်းလမ်းအသုံးပြု၍ အာဏာရယူလိုသည့် တာဝန်ရှိသူများ အနေဖြင့်လည်း အဂတိမှုနှင့် အခြားပြစ်မှုများ ကျူးလွန်ကြောင်းပေါ်လွင်သဖြင့် ဥပဒေနှင့်အညီ တရားစီရင်ခဲ့သည်။ ထို့နောက် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အောင်မြင်စွာ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ သန်းကျော်သည် ၎င်းတို့၏ လွတ်လပ်သော ဆန္ဒသဘောထားများဖြင့် ဆန္ဒမဲပေးခဲ့ကြပြီး ပြည်သူ များက ရွေးချယ်ခဲ့သည့် လွှတ်တော်နှင့် လွှတ်တော်က ရွေးချယ်တင်မြှောက်သည့် နိုင်ငံတော် သမ္မတဦးဆောင်သော အစိုးရတစ်ရပ် ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။

 

မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံအများစုက နားလည်လက်ခံ သဘောပေါက်ကြပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လိုသော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် အနည်းငယ်သောနိုင်ငံများက မြန်မာနိုင်ငံ အစိုးရအပေါ် ကန့်သတ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ တန်းတူရည်တူ ကိုယ်စားပြုဆက်ဆံမှုများကို ချန်လှပ်၍ ဖိအားပေးမှုများ၊ အကျပ်ကိုင်မှုများပြုလုပ်ရန် ကြိုးပမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ အာဆီယံပဋိညာဉ်စာတမ်း အခန်း(၁)၊ အပိုဒ်(၂)ပါ အခြေခံမူများကို ဖောက်ဖျက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ဖိအားပေးခြင်းတို့ကို ဆောင်ရွက်နေပါသည်။

 

ထိုသို့ပြုလုပ်ခြင်းသည် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး မြန်မာနိုင်ငံ ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ပြုလုပ်ရာရောက်ပါသည်။ ထို့အပြင် အာဆီယံအဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင်ပြုလုပ်ခြင်းဖြစ်ပြီး တောင်အာဆီယံ၊ မြောက်အာဆီယံဟူ၍ အဖွဲ့ကြီးနှစ်ခြမ်းကွဲအောင် ပြုလုပ်ရာရောက်ပါသည်။ အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများ ကို နိုင်ငံတော် အစိုးရသစ်လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းမှုများသည် ဒီမိုကရေစီ နည်းလမ်းတကျ မဲပေးခဲ့သည့် မြန်မာပြည်သူ ပြည်သားများ၏ ဆန္ဒသဘောထားများကို လျစ်လျူရှုရာ ရောက်ပါသည်။ ဒီမိုကရေစီနိုင်ငံများသည် နိုင်ငံ၏ပကတိအခြေအနေနှင့် ဆီလျော်လိုက်ဖက်စွာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်ကိုကျင့်သုံးပြီး နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ရာ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တူညီဆန္ဒမရရှိသေးလင့်ကစား မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများအပေါ် ထောက်ခံ ကူညီပေးခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကို မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်လျက် ရှိပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေအပေါ်မူတည်၍ မိမိနိုင်ငံနှင့်ကိုက်ညီသည့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည် သာယာဝပြောရေးနှင့် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။