နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်

 

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ  ပေါ်ပေါက်လာသော တပ်မတော်ဖြစ်ပြီး တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းတည်ဆောက်ထားသော တပ်မတော်ဖြစ်၍ နိုင်ငံတော်နှင့်ပြည်သူကို အစဉ်ထာဝရ ကာကွယ်စောင့်ရှောက် လျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ တိုင်းတစ်ပါးကျွန်ဘဝမှ လွတ်မြောက်ရေး၊ ပြည်တွင်းသောင်းကျန်းမှု အန္တရာယ်များမှ လွတ်မြောက်ရေး၊ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံစိတ်ချမှုရှိစေရေးအတွက် မိဘ၊ သားသမီးသဖွယ်၊ ရဲဘော်ရဲဘက်စိတ်ထားများဖြင့် စောင့်ရှောက်ကာကွယ်ပေးလျက်ရှိသည်။

 

တပ်မတော်သည်  နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ရာ၌ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပြည်ပကျူးကျော်မှုနှင့်ပြည်တွင်း သောင်းကျန်းမှုအန္တရာယ်များသာမက သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် တိုင်းပြည်တွင် အရေးပေါ်ကျရောက်လာသည့် အန္တရာယ်ဟူသမျှတိုင်းတွင် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာကွယ် စောင့်ရှောက်ပေးခဲ့သည်။ တပ်မတော်က နိုင်ငံတော်နှင့် ပြည်သူများအပေါ်တွင်ထားရှိသည့် စေတနာကို တုံ့ပြန်သောအားဖြင့် တိုင်းရင်းသားပြည်သူများက တပ်မတော်ကို အားပေးထောက်ခံ ကူညီပေးကြပြီး လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

 

ယခုနှစ် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်စဉ် နိုင်ငံတော်အကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ဦးစီးပြီး သဘာဝဘေးဒဏ် ကြုံတွေ့ခဲ့ကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို ကူညီစောင့်ရှောက်ပေးခဲ့သည်။ ယခုအောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် အခြားဒေသများတွင် MNDAA ၊ TNLA ၊ KIA ၊ AA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင် လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်တိုက်ခိုက် ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသောကြောင့် တိုင်းရင်းသားပြည်သူလူထုနှင့် ပိုင်ဆိုင်မှုများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။

 

လတ်တလောတွင် လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် လားရှိုးမြို့အနီး တစ်ဝိုက်နှင့် သိန္နီမြို့မှ တိုင်းရင်းသား ပြည်သူ ၅၀၀၀ ခန့် နေရပ်မှ ယာယီစွန့်ခွာခဲ့ကြရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က နိုင်ငံတော်အကြီးအကဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် နေရပ်စွန့်ခွာ ပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အဝတ်အထည်၊ ဆန်၊ စားသောက်ဖွယ်ရာများနှင့်အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ဒေသခံပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထု လက်တွဲပူးပေါင်းကာဆောင်ရွက် ပေးရန် မှာကြားခဲ့သည်။ ထို့အပြင် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် စစ်သည်၊ မိသားစုဝင်များကိုလည်း ထောက်ပံ့ကူညီ အားပေးခဲ့သည်။

 

အလားတူ လက်နက်ကိုင်သောင်းကျန်းမှုဒဏ်ကို ခံစားကြရသော အခြားဒေသများရှိ ပြည်သူများနှင့် စစ်သည်မိသားစုဝင်များကိုလည်း နိုင်ငံ့ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်များက ပြည်သူကို မိဘသဖွယ် ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်လိုသောစိတ်၊ ရဲဘော်ရဲဘက်စိတ်တို့ဖြင့် နောက်တန်း၊ ရှေ့တန်း စစ်မျက်နှာနှင့် အနီးဆုံးနေရာများအထိသွားရောက်ပြီး အားပေးကူညီဆောင်ရွက် ပေးနေကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။ အလားတူ လက်နက်ကိုင် သောင်းကျန်းမှုကြောင့် နေရပ်စွန့်ခွာပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသည့် လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူအချင်းချင်း စာနာထောက်ထားသည့် အဝေးရောက်စေတနာရှင်များ၊ အလှူရှင်များ၊ ထောက်ခံ အားပေးကူညီသူများအားလုံးကို နိုင်ငံတော်၊ တပ်မတော်နှင့်ပြည်သူလူထုတစ်ရပ် လုံးကိုယ်စား ဂုဏ်ပြုအသိအမှတ်ပြုကျေးဇူးတင်ရမည်ဖြစ်သည်။

 

လက်နက်ကိုင်သောင်းကျန်းသူများ၏ ပြည်သူလူထုကို ထိခိုက်ပျက်စီးစေသော လုပ်ရပ်များနှင့် တပ်မတော်က ပြည်သူလူထုကို ကူညီစောင့်ရှောက်နေသောလုပ်ရပ်များကို ပြည်သူလူထုတစ်ရပ်လုံးက ကွဲပြားစွာသိရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်သောင်းကျန်းမှုများ အမြန်ဆုံးချုပ်ငြိမ်းရေး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးတို့အတွက် ဝိုင်းဝန်းလက်တွဲကူညီဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲနှင့် တပ်မတော်အနေဖြင့် မိဘသဖွယ်စိတ်၊ ရဲဘော်စိတ်ဖြင့် နိုင်ငံတော်နှင့်ပြည်သူကို ခိုင်ခိုင်မာမာကာကွယ်စောင့်ရှောက်သွားမည်ဟု အလေး အနက်ယုံ ကြည်ပါကြောင်း။

 

ကြေးမုံ