နိုင်ငံဖွံ့ဖြိုးရေး နည်းပညာအရည်အသွေးပြည့်ဝသော လူငယ်ကောင်းများ မွေးထုတ်ပေး

ရန်ကုန် သြဂုတ် ၂၆

နိုင်ငံတော်မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည့် အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာများကို အစဉ်မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် ပြည်သူ့အကျိုးသယ်ပိုးမည့် နိုင်ငံ့လူငယ်ကောင်းများ ပျိုးထောင်ပေးရေး အလေးထားဆောင်ရွက်ရန်၊ တက္ကသိုလ်အနီးရှိ သီလဝါအထူး စီးပွားရေးဇုန်ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာများ ပံ့ပိုးဆောင်ရွက်ပေး၍ University-Industry Collaboration မြှင့်တင် ဆောင်ရွက်ရန်၊နိုင်ငံ့အကျိုးပြု သုတေသနများဆောင်ရွက်ကာ University Ranking မြင့်မားလာစေရေး ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ယမန်နေ့ ညနေပိုင်းတွင် နည်းပညာတက္ကသိုလ်(သန်လျင်)၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားသည်။

တွေ့ဆုံပွဲတွင် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးနှင့် ဝန်ထမ်းများက လုပ်ငန်းပိုင်းဆိုင်ရာများကို တင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ဖြည့်စွက်တင်ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသားဆောင်များကို ကြည့်ရှုစစ်ဆေးပြီး အဆောင်မှူးများကို အဆောင်နေကျောင်းသားများအတွက် ဝန်းကျင်ကောင်းများဖြစ်ရေး ဖန်တီးဖြည့်ဆည်းပေးရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
  
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)သို့ ရောက်ရှိပြီး စာသင်ခန်းများ၊ စာကြည့်တိုက်နှင့် အလုပ်ရုံများကိုကြည့်ရှုစစ်ဆေးကာ MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာရှင်၊ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်