နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီရေးအတွက် လူသားအရင်းအမြစ် မြင့်မားအောင်မြှင့်တင်

မတ် ၂၈၊ ၂၀၂၂

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဟူသည် ၎င်းနိုင်ငံတွင်ရှိသည့် အရင်းအမြစ်များကို မှန်ကန်ထိရောက်စွာ စီမံခန့်ခွဲခြင်းမှ ထွက်ပေါ်လာသော အကျိုးရလဒ်ဖြစ်သည်။ အရင်းအမြစ်များဟုဆိုရာတွင် အဓိကအားဖြင့် လူသားအရင်းအမြစ်၊ ငွေကြေးအရင်း အမြစ်နှင့် ရုပ်ဝတ္ထု အရင်းအမြစ် တို့ဖြစ်ပြီး 3M (Men, Money, Material) ဟုဆိုကြသည့် ၎င်းအရင်းအမြစ်များ မိမိတို့တွင် မပြည့်စုံသေးပါကလည်း ပြုစုပျိုးထောင်ရန်၊ စုဆောင်းရန် လိုအပ်သည်။ ဆိုခဲ့ပါ အရင်းအမြစ် သုံးရပ်အနက် လူသားအရင်းအမြစ် က အခြေခံအကျဆုံးနှင့် အရေးပါဆုံးပင်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံရှိ လူသားအရင်းအမြစ်ဆိုသည်မှာ ထိုနိုင်ငံရှိလူများနှင့် ၎င်းတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများ၊ စိတ်ဓာတ်ရေးရာ အခြေအနေနှင့် သဘောထား အယူအဆများကို လွှမ်းခြုံခေါ်ဆိုခြင်းဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တွင်ရှိသည့် လူသားအရင်းအမြစ် များကို တိုးတက်အောင် အစွမ်းကုန် မြှင့်တင်ပေးပြီး အထိရောက်ဆုံးအသုံးချနိုင်ရန် လိုအပ် သည်ဟု ပညာရှင်တို့က တညီတညွတ်တည်းဆိုကြသည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံရှိ အလုပ်လုပ်နိုင်သည့်အရွယ် ပြည်သူများ၏ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုတို့ မြင့်မားရေး၊ ကာယဉာဏစွမ်းအား စိုက်ထုတ်နိုင်မှု၊ အလုပ်လုပ်နိုင်စွမ်းရှိမှုနှင့် အလုပ်လုပ်လိုစိတ်တို့ မြင့်မားရေး၊ ၎င်းတို့၏ အတွေ့အကြုံဗဟုသုတနှင့် စိတ်ဓာတ်ရေးရာ မြင့်မားရေးတို့ ပေါင်းရုံးပါဝင်သည့် အရည်အချင်း၊ အရည်အသွေးတို့ကို မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပညာရေးနှင့် ကျန်းမာရေးမြှင့်တင်မှုက အသိသာ အထင်ရှားဆုံး လုပ်ငန်းများပင်ဖြစ်သည်။ ပညာရှင်တို့၏ အဆိုအမိန့်အရ ပညာရေး လုပ်ငန်းများ မြှင့်တင်ရေးနှင့် စက်ရုံသို့မဟုတ် ဆည်မြောင်းများ တည်ဆောက်ရေးတို့ ယှဉ်လာပါက ပညာရေးမြှင့်တင်မှုကို ဦးစားပေးရမည်ဟု ဆိုသည်။ ပညာတတ်မြောက် ကျွမ်းကျင်သူတို့ကသာ စက်ယန္တရားများ လိုအပ်မှု၊ ကိုင်တွယ်မောင်းနှင်မှုတို့ကို သိရှိနားလည်နိုင်ကြပြီး ရရှိအောင်လည်းဖန်တီး နိုင်မည်ဟုဆိုသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ်အတွင်း ကျိုင်းတုံမြို့၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာတွင် ပညာရေးနှင့်ပတ်သက်၍ “ပညာတတ်များ ပေါကြွယ်ဝခြင်းသည် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကောင်းကို ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အောင်မြင်တိုးတက်သည့် နိုင်ငံများကိုကြည့်လျှင် နိုင်ငံ၏ ပညာရေးစနစ်နှင့် ၎င်းပညာရေးစနစ်မှ ထွက်ပေါ်လာသည့်  လူ့စွမ်းအား အရင်းအမြစ်များ၏ ပညာရည်အဆင့်မြင့်မားမှုတို့ကို တွေ့ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ရာ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို မြှင့်တင်သွားကြရန်ပင်ဖြစ် သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းများအရ အသက် ငါးနှစ်အထက် လုံးဝကျောင်းမနေဖူးသူ လေးသန်း ခန့်၊ အသက် ၂၅ နှစ်အထက် လုံးဝကျောင်းမနေဖူးသူ တစ်သန်းခန့်၊ မူလတန်းနှင့် မူကြိုအဆင့်ရှိသူ ၁၁ ဒသမ ၈သန်း၊ အလယ်တန်းအဆင့်နှင့်အောက်ပညာသင်ကြားခဲ့ရ သူပေါင်း ၁၈ ဒသမ၂သန်း (နိုင်ငံ့လူဦးရေ၏ သုံးပုံ တစ်ပုံ) ရှိနေရာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ခရီးလမ်းဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ရေးတို့အတွက် ပညာရေး ရင်းနှီးမြှုပ်နှံမှု၊ ပညာရည်မြှင့်တင်မှု တို့ကို အားသွန်ခွန်စိုက် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း