နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်

နေပြည်တော် ၂၄ ဇူလိုင်

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုဘဝ မြင့်မားတိုးတက်ရေးတို့အတွက် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများအားတွေ့ဆုံမှာကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကော့မှူးမြို့နယ်တွင် တာဝန်ရှိသူများအား တွေ့ဆုံမှာကြားခဲ့သော အကြောင်းကိစ္စများ၌ မြန်မာနိုင်ငံ မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လွှတ်တော် ကိုယ်စားလှယ်များ အခန်းကဏ္ဍ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခန်းကဏ္ဍနှင့် ပြည်သူများ၏ကဏ္ဍများကို မီးမောင်းထိုး အသိပေးပြောကြားခဲ့သည်။အုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းများနှင့်ပတ်သက်၍ ပီတိစား၍ ဝသည် ဆိုသော စကားရပ်ကို မိမိအနေဖြင့် ယုံကြည်မှုမရှိဘဲ ဝန်ထမ်းများကိုလုံလောက်သည့်လစာ၊ လုံလောက်သည့် အဆောင်အယောင်များပေးနိုင်ရန် စီစဉ်ပေးရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ လိုအပ်ချက်ကို နေ့ချင်း၊ညချင်း ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသော်လည်း တစ်ဆင့်ချင်းဖြည့်ဆည်းသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကော့မှူးမြို့နယ်မှပြည်သူများအား ပေးနိုင်သည့်ကတိတစ်ခုကို ပြောကြားခဲ့သည်။ဝန်ထမ်းများအနေဖြင့် ပြည်သူကို အမှန်တကယ်စေတနာထား၍လုပ်ဆောင်မည်ဆိုပါက မိမိတို့နိုင်ငံ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ပါက ဝန်ထမ်းများ၏ဘဝသည်လည်းဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်ရေးတွင် ဝန်ထမ်းများ၏အခန်းကဏ္ဍသည် အဓိကကျသည်။ ဝန်ထမ်းများသည် တိုင်းကျိုးပြည်ပြုတည်ဆောက်ကြသူများဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ရှေ့တန်းမှဆောင်ရွက်သူများဖြစ်သလို စစ်မှန်သောစေတနာဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်ပေးကြရသူများ ဖြစ်သည်။ ဒီမိုကရေစီခေတ်ကာလတွင်ပြည်သူ့အကျိုးကို သယ်ပိုးကြရာ၌ ဝန်ထမ်းများသာမက ပြည်သူတို့ကရွေးချယ်တင်မြှောက်ပေးလိုက်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သည်။

 

လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံ့ဝန်ထမ်းတို့သည် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်ကြရာ၌ သဘောသဘာဝ ကွဲပြားခြားနားသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အသိပေးထောက်ပြကြရသူများဖြစ်ပြီးအုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းများသည် ပြည်သူတို့၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်၊ အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။လွှတ်တော်ကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့်ပြည်သူအကြား ပေါင်းကူးတံတားဖြစ်သည်။

 

လွှတ်တော်ကိုယ်စားလှယ်နှင့် အုပ်ချုပ်ရေးဝန်ထမ်းများသည်လုပ်ငန်းမတူသော်လည်း ပြည်သူ့အကျိုးကို အတူတကွသယ်ပိုးကြရသူများဖြစ်၍ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်တာဝန်သိမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးသည်။

 

သို့ဖြစ်ရာ နိုင်ငံတော် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကဝန်ထမ်းများအား တစ်ဆင့်ချင်းဖြည့်ဆည်းပေးမည့်ကတိသည် ပြည်သူ့အကျိုးကို တာဝန်ကျေပွန်စွာဖြင့် လက်တွဲဆောင်ရွက်လျှင် ရရှိမည့်ခံစားခွင့်များဖြစ်သည်ကို မှတ်သားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ