နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) အပိုင်း (၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


နေပြည်တော်၊ ဇွန် ၂၄
မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင် ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Public Sector Accounting Standards-Dip IPSAS) အမှတ်စဉ် (၁) အပိုင်း (၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဉီး၊ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊  ငွေတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် တာဝန်ရှိသူများကOnline   ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က သင်တန်းသားများအနေဖြင့် လေ့လာသင်ယူခဲ့ရသည်များကို လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချနိုင်ရေးအတွက် သင်ခန်းစာများကို ကြိုးစားလေ့လာ သင်ယူမှတ်သားကြရန်၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံမှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စာရင်းကိုင်စနစ် ပိုမိုတိုးတက် ကောင်းမွန်လာစေရန် မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များကို ဆင့်ပွားမျှဝေပေးကြရန်၊ တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်အရည်အချင်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြင့် ဌာန၊ အဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်၏အကျိုးစီးပွား တိုးတက်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော် သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။

သင်တန်းတွင် IPSAS စာရင်းစံ (၁၈) ခုကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကထိက သုံးဦးကလည်းကောင်း၊ IPSAS စာရင်းစံများကိုအသုံးပြု၍ နိုင်ငံပိုင်ကဏ္ဍစာရင်းများ လက်တွေ့ အကောင်အထည်‌ဖော်ဆောင်ရွက်မှုကို ငွေတိုက်ဦးစီးဌာနမှ ကထိက ကလည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် နိုင်ငံတကာစာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) အပိုင်း (၁) နှင့် (၂) သင်တန်းအောင်မြင်ပြီးမြောက်ခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား (၁၄) ဦး၊ အခြားဝန်ကြီးဌာနမှ သင်တန်းသား (၄၀) စုစုပေါင်း (၅၄) ဦးတို့ကို သင်တန်းကာလ (၅) လ ကြာဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး အပိုင်း (၃) သင်တန်းအောင်မြင်ပြီးသူများကို ဒီပလိုမာလက်မှတ် ပေးအပ်ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်