နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့်ဆောင်ရွက်

 

ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီစနစ်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည်မှစ၍  ပါလီမန် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခဲ့သော်လည်း အောင်မြင်မှုမရှိချေ။ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်သော်လည်း ပျက်သုဉ်းခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သောအခါ  ပဋိပက္ခပြဿနာ မျိုးစုံနှင့်ကြုံတွေ့ခဲ့ရသည်။ သို့ဆိုလျှင် နိုင်ငံရေးစနစ်ကြောင့်လား၊ လူကြောင့်လား သုံးသပ်ကြည့်နိုင်ပေသည်။

အမှန်တကယ်တွင် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ လူသာလျှင် ပဓာနဖြစ်သည်။ နိုင်ငံတော်အပေါ်တွင် ထားအပ်သည့်စိတ်ထားများနှင့် နိုင်ငံသူ နိုင်ငံသားများ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ နားလည်စာနာမှု၊ ကြိုးစား အားထုတ်မှုတို့သည် အဓိကလိုရင်းအချက်ဖြစ်ပေသည်။ နိုင်ငံရေးအရကြည့်မည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံးညီညွတ်မှု အားနည်းနေမှုများကြောင့် ခရီးမပေါက်ဖြစ်နေသည်။ နိုင်ငံလွတ်လပ်ရေးရရှိလာခဲ့သည်မှာ ၇၅ နှစ် ကျော်လာပြီဖြစ်သော်လည်း နိုင်ငံရေးကို ခိုင်မာအောင် တည်ဆောက်နိုင်ခြင်းမရှိသေးပေ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ စတုတ္ထအချက်တွင် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့် နိုင်ငံရေးမျှော်မှန်းချက် နှစ်ရပ်ချမှတ်ထားသည်။ အကောင်အထည်ပေါ်အောင်လည်း လက်တွေ့ဆောင်ရွက်နေသည်။ ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒမှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး၏ မျှော်မှန်းချက်မှာ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။

တိုင်းရင်းသားပြည်သူများ လိုလားသည့်ဖက်ဒရယ်စနစ်ကို ဥပဒေနှင့်အညီ နိုင်ငံရေးနည်းလမ်းဖြင့် တည်ဆောက်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်တို့ဖြင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါက မျှော်မှန်းသည့်အတိုင်း ဖြစ်လာပေလိမ့်မည်။ ချမှတ်ထားသည့် ရည်မှန်းချက်အတိုင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင်ဖြစ်ပေါ်နေသည့် ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင်ဒေသရရှိအောင် ဥပဒေပြင်ပမှ ဆောင်ရွက်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်ပတ်သက်၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ချက်များစွာ ရှိနေသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက အတည်ပြုထားသည့် ဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူအများစု ဆန္ဒဖြစ်သဖြင့် ကျော်လွန် ဖောက်ဖျက်ဆောင်ရွက်၍မရပေ။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် တိုင်းပြည်ကို အခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံကို ဥပဒေနှင့်ထိန်းကျောင်းနိုင်ရန် ဖွဲ့စည်းပုံက ပြဋ္ဌာန်းထားသည့်အတိုင်း ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်တွင် အတည်ပြုဆောင်ရွက်ကြ ရန်လိုအပ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်း၊ ဆောင်ရွက်ခြင်း မရနိုင်ပေ။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးရှိပြီး အင်အားများသည့် တိုင်းရင်းသား လူမျိုးများရှိသကဲ့သို့ အင်အားနည်းလူနည်းစု တိုင်းရင်းသားလူမျိုးများလည်းရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံး တန်းတူအခွင့်အရေး ရရှိနိုင်ရေးအတွက်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စနစ်ဖြင့် ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိသည်။

ယခင်က အကုန်ရလျှင်အကုန်ယူစနစ်ဖြင့် ပြုလုပ်ခဲ့သဖြင့် အင်အားကြီးပါတီ၊ အင်အားများလူမျိုးစုများက အနိုင်ရကာ မမျှမတဖြစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်း၌ ပဋိပက္ခများ မဆုံးနိုင်အောင် ဖြစ်ခဲ့သည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။ ယခုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုပ်ပိုင်ခွင့်များ ခွဲဝေပေးထားပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအရတည်ငြိမ်မှုရှိစေရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင် အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝရတည်တံ့ခိုင်မြဲပြီး တင့်တယ်စွာရပ်တည်နိုင်ရေးအတွက် ရှေးရှုဦးတည် ချမှတ်ထားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် လက်နက်ကိုင်နည်းကို ရှောင်ရှားပြီး နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ