နိုင်ငံရေးနှင့် သတ္တိ

 

နိုင်ငံရေးလုပ်သည်ဆိုခြင်းမှာ အများအကျိုးအတွက် မိမိ၏ကိုယ်ကျိုးစီးပွားကို အနည်းနှင့်အများဆိုသလို စွန့်လွှတ်အနစ်နာခံ ကြရသည်ချည်းသာ။ ထို့ကြောင့်ပင် နိုင်ငံရေးသမားသည် ခံစားတတ်သော နှလုံးသားရှိဖို့ လိုအပ်သလို၊ စဉ်စားတွေးတောမြော်မြင်နိုင်သော အသိဉာဏ်ရှိဖို့လည်း လိုသည်သာ။ အကျင့်သိက္ခာကောင်း ဖို့လိုသလို ရင့်ကျက်မှုရှိဖို့၊ ဇွဲရှိဖို့၊ ဝီရိယကြီးဖို့လည်း လိုပါမည်။

နိုင်ငံရေးသမားတို့အတွက် ပဓာနကျဆုံး လိုအပ်ချက်တစ်ခုမှာ သတ္တိဖြစ်သည်ဟုလည်း အဆိုရှိပါသည်။ နိုင်ငံရေးလုပ်သူသည် သတ္တိရှိမှ ဖြစ်မည်။ ဆုံးဖြတ်ရမည်ကို သတ္တိရှိရှိဆုံးဖြတ်ရ၏။ လုပ်ဆောင်ရမည့်လုပ်ငန်းကို သတ္တိရှိရှိ ပိုင်းပိုင်းဖြတ်ဖြတ်ဆောင် ရွက်ရ၏။ ထို့အတူပင် မိမိ၏ အမှားအယွင်းကိုလည်း သတ္တိရှိရှိကန်ခံရဲရန်လိုပါသည်။ အောင်မြင်မှုကို ရဲရဲယူရသလို ဆုံးရှုံးမှုကို သတ္တိရှိရှိ လက်ခံနိုင်ဖို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံရေးသမားတို့သည်ကား ပို၍သတ္တိရှိဖို့လိုသည်ဟု ဆိုရမည်ထင်သည်။ မြန်မာနိုင်ငံအတွက် နိုင်ငံရေးဟူသည် အညှာပြဿနာတစ်ခုဖြစ်၏။ နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းက နိုင်ငံ၏နိုင်ငံရေး အခက်အခဲများသာမက စီးပွားရေး အကျပ်အတည်း၊လူမှုရေးမညီမျှမှု၊ ယဉ်ကျေးမှုရေးရာ အရှုပ်အထွေးများ စသည်တို့ကို ဖန်တီးပေးနေသည်ဟု ဆိုရပါမည်။

ပြည်သူလူထုကလည်း နိုင်ငံရေးတည်ငြိမ်မှုရှိလျှင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့်သာ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်မည်ဆိုလျှင် တိုင်းပြည်၏ပူလောင်မှုတို့ များစွာလျော့ကျသွား လိမ့်မည်ဟုယူဆကြသည်။ ပြည်သူလူထုသည် ထိုယုံကြည်မှုအပေါ်တွင် အခြေတည်၍ နိုင်ငံရေးစနစ်အပြောင်းအလဲကို မျှော်ရင်း နေထိုင်ရပ်တည်ခဲ့ကြသည်။ နှစ်ပေါင်းများစွာ။ ရာစုနှစ်ဝက်ကျော်။

အခါအခွင့်တိုင်း ထိုနိုင်ငံရေးစနစ်၏ အမှားအယွင်းကြီးကို အကြောင်းပြု၍ ဖြစ်ပေါ်သမျှသော မတရားမှုတို့ကို ဆန့်ကျင်ကြရန် အားထုတ်ခဲ့ကြသည်။ ထိုသို့သော နိုင်ငံရေးလှုပ်ရှားမှုတို့ကြောင့် မြန်မာပြည်သူတို့အပေါ် ဖိစီးနှိပ်စက်မှုများ၊ ညှဉ်းပန်းမှုများက ပိုမိုတင်းကျပ်လာခဲ့သည်။ ပြည်သူတို့မှာ ထိခိုက်နစ်နာမှု အမျိုးမျိုး၊ မွန်းသိပ်မှုအမျိုးမျိုးတို့ကို နင့်နင့်နဲနဲ ခံစားခဲ့ကြရသည်။

ထိုသို့သော ဖိနှိပ်မှုများကြောင့် ဆန့်ကျင်မှု၊ တွန်းလှန်မှုတို့က လည်းများလာသည်။ အကျိုးဆက်ကား အများအပြားသော ပြည်သူတို့သည် အဏာရှင်တို့၏ အကျဉ်းထောင်များ၊ အချုပ်ခန်းများ၊ စစ်ကြောရေးစခန်းများတွင် ပြည့်လာသည်။ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ အစရှိသော ပညာတတ်များ၊ တက္ကသိုလ်ကျောင်းသားလူငယ်များကအစ ပြည်သူ့အစိတ်အပိုင်းအသီးသီးသည် နိုင်ငံရေးတက်ကြွလှုပ်ရှား ဦးဆောင်သူများဖြစ်လာသည်။ ကိုလိုနီနယ်ချဲ့ဆော်က သခင်ပေါက်စထောင်ခြောက်လ ဆိုသကဲ့သို့ အာဏာရှင်ခေတ်တွင် နိုင်ငံရေးလုပ်သည် ဆိုခြင်းမှာ ထောင်နှုတ်ခမ်းပေါ်ကြိုးတန်းလျှောက်နေခြင်းဟု ဆိုရိုးရှိခဲ့သည်။

နောက်တော့ထောင်ကျ တန်းကျဆိုသည်မှာပင် နိုင်ငံရေး လုပ်နေသူတို့အတွက် အဆန်မဟုတ်တော့။ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ထိခိုက်နစ်နာမှုများ အသက်ဆုံးရှုံးရသည်များဖြင့် လွန်စွာ ကြမ်းတမ်းသော မြန်မာ့နိုင်ငံရေးခရီးဖြစ်လာသည်။

ထိုနိုင်ငံရေးခရီးက များစွာလျှောက်လှမ်းကြရပေဦးမည်။ ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ်ရှိသော နိုင်ငံအဖြစ်၊ စီးပွားရေး ခိုင်မာတောင့်တင်းသော နိုင်ငံအဖြစ်၊ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံအဖြစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအဘက်ဘက်တွင် ဂုဏ်သိက္ခာကြီးမြင့်သောနိုင်ငံအဖြစ် တည်နိုင်ရေးအတွက် နိုင်ငံရေး ခေါင်းဆောင်တို့နှင့် ပြည်သူလူထုသည် လက်တွဲ ရင်ဆိုင် လျှောက်လှမ်းကြရဦးမည်။

ထိုခရီးသည် ရှည်ရှည်လျားလျားသွားရဦးမည်ဟု မှန်းဆထားကြပြီး ဖြစ်သည်။ လွယ်ကူအေးချမ်းသော ခရီး ဖြစ်လိမ့်မည်ဟု မျှော်လင့်ထား၍မရ။ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသောစနစ်က အရိပ်ထိုးနေဆဲဖြစ်ရာ ချောမွေ့ သင်းပျံ့သော လမ်းသက်သက် ဖြစ်ချင်မှ ဖြစ်မည်။

ထိုသို့သော အနာဂတ်မြန်မာ့နိုင်ငံရေးခရီးကို ဦးဆောင်လျှောက်လှမ်းကြည့် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွသူများ သတ္တိရှိကြဖို့တော့လိုမည်ဟု တင်ပြလိုက်ရပါသည်။ ။

မြန်မာ့အလင်း