နိုင်ငံ‌ရေးပါတီများ၏ ပါတီဝင်အင်အားပူး ပေါင်းစိစစ်ခြင်း နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပ

နေပြည်တော်   စက်တင်ဘာ ၂၆

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ဖျာပုံခရိုင်နှင့် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက ယနေ့တက်ရောက်လာသည့် ပါတီများမှ သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က CVLMS Software ဖြင့် စစ်ဆေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ပါတီဝင်အင်အားစာရင်းတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသူများ ပါဝင်နေသည်ကိုတွေ့ရကြောင်း၊ သို့ဖြစ်၍ နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင်အင်အား စာရင်းများ မှန်ကန်မှု ရှိ/မရှိ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိတို့ကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီ အသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ခရိုင်ပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းစိစစ်ခြင်းလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်အတွင်း အခြေစိုက်သော နိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမများ၌ ကျင်းပသည်။

 

အစည်းအဝေးများတွင် တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိများက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ သက်ဆိုင်ရာပါတီ အသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို  ရှင်းလင်းပြောကြားကြသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း ပါတီဝင်အင်အားစာရင်း တင်သွင်းထားသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)